နယ်မှာနေတုန်းက
အခုလိုငါးပေါတဲ့ရာသီမှာဆို ဂွေးချိုရွက်အနုလေးတွေကလည်း ပေါ်လာတာနဲ့ တိုက်နေတော့ ဂွေးချိုရွက်အချဉ်လေးထည့်ပြီး
ငါးကို ဆီကျန်ရေကျန်လေး ချက်စားကြတာသတိရတယ်။ နယ်မှာကတော့ ကကတစ်ငါးနဲ့ချက်စားကြတာများပေမယ့်
မယ်တော်မားသာက ဒီတစ်ပတ် ဈေးသွားတာ ကကတစ်ရှာမရလို့ ငါးကြင်းခုတ်သားပဲဝယ်ခဲ့တော့ ဒီတစ်ပတ်ကတော့
ငါးကြင်းခုတ်သားကိုပဲ ဂွေးချိုရွက်နဲ့ ချက်ဖြစ်တယ်။
ငါးကြင်းဂွေးချိုရွက်အချဉ် ချက်၊
ငါားကင်းခုတ်သားကို
အနေတော်လေးတွေတုံးပြီး နည်းနည်းကြော်လိုက်တယ်။ ဒါမှ သိပ်မညှီတော့ ပဲ စားလို့ ပိုအဆင်ပြေသွားတာပေါ့။
ဂွေးချိုရွက်ကတော့ အနုလေးတွေရော မနုမရင်လေးတွေပါခြွေ ရေစင် စင် ဆေးပြီး ပစ်ထားလိုက်တယ်။
အရောင်တင်မှုန့်နဲ့ကြက်သွန်နီမထူမပါးလှီးထားတာလေး ရောထောင်းပြီးတော့ နနွင်းမှုန့်လေးပါထည့်
ဆီသတ်။ ကြက်သွန်နီနဲ့ အရောင်တင်မှုန့်စိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုမှ ပုစွန်ငံပြာရည်
လေးပါထည့်ဆီသတ်။ ဂွေးချိုရွက်နဲ့ ငါးကြော်ထားတာလေးပါထည့်လုံး ရေလေးနည်းနည်းထည့်ပြီး
ဂွေးချိုရွက် က အချဉ်လေးတွေထွက်လို့ ချဉ်တဲ့အရသာလေးရပြီဆိုရင် အရသာအပေါ့အငံမြည်းကြည့်
လိုအပ်ရင် ကြက်သားမှုန့်လေးလိုက်လိုက်ပေါ့နော်။ ဆီမပြန်တစ်ပြန် ဆီကျန် ရေကျန်လေးရပြီဆိုရင်
ပိုမွှေးသွားအောင် ငရုတ်သီးစိမ်းလေးပါ အုပ်လိုက်ပေါ့။ ဒါဆိုရင်တော့ ငရုတ်သီး စိမ်းနဲ့
ဂွေးချိုရွက်အနံ့မွှေးမွှေးလေးနဲ့ စားလို့ ကောင်းမှာသေချာတဲ့ ငါးကြင်းဂွေးချိုရွက်ချက်ဟင်းတစ်ပွဲတော့
ရပြီပေါ့နော်။
ပုစွန်မျှစ်အချိုကြော်
မျှစ်နဲ့ပုဇွန်လေးကိုအချိုကြော်ဖို့အတွက်ကတော့
ဝါးပိုးမျှစ်လေးရွေးထားတယ်။ ဒီအချိန်က ၀ါးပိုးမျှစ် တွေပေါတယ်ဆိုတော့ လတ်လတ်ဆက်ဆက်လေးနဲ့
ရာသီပေါ် လေးစားရတာပေါ့။ မယ်တော်မားသားက မျှစ်ဝယ်ရင် ဘယ်တော့မှ ဆေးဆိုးထားတဲ့မျှစ်မ၀ယ်ဘူး။
ဆိုးဆေးအန္တရာယ်ကိုတော့ အားလုံးကြောက်သင့် တယ်ထင်တာပဲ။ မျှစ်မှာသုံးတဲ့ဆိုးဆေးက ချည်သုံးတဲ့
ဆိုးဆေးတွေများတယ်လေ။ အစားအသောက်မှာ သုံးတဲ့ဆိုးဆေးကို သုံးတာမဟုတ်တော့ ကင်ဆာဖြစ်နိုင်တဲ့ဓာတုဗေဒပစ္စည်းတွေ
အရမ်းများတယ်လေ။ အရောင်ဆိုးတဲ့မျှစ်ဆိုရင် ဆွေမျိုးတွေလည်း လုံးဝမစားပဲ ဝေးဝေးကရှောင်ကြပါလို့
တိုက်တွန်းချင်ပါတယ်။
အမေကတော့ ဘာဆေးမှမဆိုးထားတဲ့ ၀ါးပိုးမျှစ်လတ်လတ်ဆက်ဆက်လေးတွေကို
ဝယ်လာ တာတောင်မှ ရေ စင်အောင်ဆေးရုံနဲ့ အားမရဘူး။ ရေနွေးဆူဆူလေးလောင်းထည့်ပြီး ဆယ့်ငါးမိ နစ်လောက်စိမ်လိုက်သေးတယ်။
ပြီးမှ ရေတွေကို ပြန်ညှစ်ပြစ်လိုက်တယ်။ ပုဇွန်လေးကတော့ ခွာထားရုံ ပဲပေါ့။ ကြက်သွန်နီမထူမပါးလှီးထားတာ
လေးကို အရင်ဆီသတ် ကြက်သွန်နီလေးစိမ်းနံ့ပျောက်ပြီဆိုမှ နနွင်းမှုန့်ပါထည့် ဆီသတ်လိုက်ပေါ့။
ပြီးမှ ပုဇွန်ခွာ ထားတာလေးထည့်။ မျှစ်လေးပါထည့်။ အပေါ့အငံ အတွက်တော့ ဆားနဲ့ကြက်သားမှုန့်ပဲသုံးလိုက်တာ
အဆင် ပြေပါတယ်။ ဒါဆိုရင် ပုဇွန်နဲ့မျှစ်အချိုကြော်အရံဟင်းတစ်ပွဲတော့ အဆင်ပြေလောက်ပါတယ်။
မှိုကန်စွန်းသောက်ဆမ်း
မှိုကန်စွန်းသောက်ဆမ်းကိုတော့
ကောက်ရိုးမှိုနဲ့ လယ်ကန်စွန်းရွက်ကိုပဲသုံးပါမယ်။ နယ်မှာဆိုရင် ဒီအချိန် တောင်ပို့မှိုတွေပေါ်နေပြီဆိုတော့
တောင်ပို့မှိုနဲ့ချက်နေကြပေါ့။ ပိုလည်းစားလို့ကောင်းတာပေါ့။ ဒါပေ မယ့် ရန်ကုန်မှာကတော့
တောင်ပို့မှိုဆိုတာကလည်း မမြင်ရတာကြာနေပြီဆိုတော့ ရာသီမရွေး ၀ယ်လို့ရ တဲ့ကောက်ရိုးမှိုလေးပဲသုံးရတာပေါ့။
ကောက်ရိုးမှိုအပေါ်ယံအခွံလေးတွေကို ဓါးနဲ့ရှပ်ပြီးခွာထုတ် ပြစ်လိုက် တယ်။ ပြီးမှ ရေစင်စင်ဆေး
အလုံးလိုက်လေးတွေရေဆေးပြီးမှ ကိုယ်လိုချင်တဲ့ပုံစံ လှီးပေါ့နော်။ လယ်ကန်စွန်းလေးကတော့
ချွေပြီးမှ ရေစင်စင်ဆေးပြီး ရေစစ်ထားလိုက်မယ်။
ပြီးရင် ရေနွေးလေး ကြိုတင် တည်ထားလိုက်မယ်။
ရေအေးထည့်ပြီး ဆူလာတဲ့အထိတည်ရင် ကန်စွန်းရွက်တွေက အနူးလွန်ရင်လည်းလွန် ဒါမှမဟုတ်လည်း
အရောင်တွေကမလှပတော့ပဲ မဲသွားတတ် လို့ ကျွန်တော်ကတော့ မှိုကန်စွန်းသောက်ဆမ်း ချက်တိုင်း
ရေနွေးကြိုတည်ထားပြီးပဲ သုံးနေကြဗျ။ ကြက်သွန်နီတစ်ဥလောက်ကို ဆီထည့်ထားတာဆီသတ် စိမ်းနံ့ပျောက်တာနဲ့
နနွင်းမှုန့်နည်းနည်းနဲ့ ပုဇွန်ငံပြာရည်လေးပါ တစ်ခါတည်းထည့်ဆီသတ်ပြီးမှ မှိုလေးထည့်လုံး
မှိုကတစ်ဝက်လောက်ကျက်ပြီဆိုမှ လယ်ကန်စွန်းရွက်လေးတွေပါထည့်လုံး။ ပြီးရင် ခုနတည်ထားတဲ့
ရေနွေး လေး လိုသလောက်ထည့် ဟင်းရည်ဆူတာနဲ့ အပေါ့အငံမြည်း အိုကေပြီဆိုရင် ငရုတ်သီးစိမ်းလေးအုပ်လိုက်ရုံ
ပါပဲ။
ဒီတစ်ပတ်တော့
နယ်အလွမ်းပြေဟင်းလေးတွေပဲချက်ဖြစ်တယ် ။ ဆွေမျိုးတို့လည်း နယ်အလွမ်းပြေ ဟင်းလေးတွေနဲ့
မိသားစုထမင်းဝိုင်းမှာ ပျော်ပျော်ရွင်ရွင်နဲ့ စားလို့ကောင်းကြပါစေလို့ နောက်တစ်ပတ်မှ
နောက်တစ်မျိုးချက်ကြတာပေါ့။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment