အရည်အသွေးကောင်းမွန်တဲ့
ကုန်ပစ္စည်းတစ်ခုဘယ်လိုများဖြစ်ပေါ်လာပါသလဲဆိုရင် အလုပ်ရှင်နဲ့ ၀န်ထမ်းတွေရဲ့ အချင်းချင်းဆက်ဆံရေးကောင်းမွန်မှုကြောင့်လို့
ယုံကြည်ကြပါတယ်။ အရည် အသွေးကောင်းတဲ့ ကုန်ပစ္စည်းတစ်ခုထွက်ပေါ်လာဖို့ ကုန်ကြမ်းတွေ၊ နည်းပညာတွေကောင်းမွန်ရမယ်။
ဒီ ကုန်ကြမ်းတွေ၊ နည်းပညာတွေ ကောင်းမွန်ဖို့အတွက် ၀န်ထမ်းတွေက ကြိုးစားရှာဖွေရမယ်။ ၀န်ထမ်းတွေ ကြိုးစားအားထုတ်မှုကို
လုပ်ငန်းရှင်ရဲ့ မှန်ကန်တဲ့လမ်းညွှန်ထိန်းကျောင်းမှုနဲ့ စီစဉ်ညွှန်ကြား ရမှာမဟုတ် ပါလား။
အဲဒါကြောင့် လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးက လုပ်ငန်းရှင်နဲ့ ၀န်ထမ်းတွေရဲ့ ဆက်ဆံရေးက
အရေးကြီးဆုံးဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တော့
အလုပ်ရှင်နဲ့ ၀န်ထမ်းတွေရဲ့ ဆက်ဆံရေးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုရှိရမယ့်
ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ ဒီဆက်ဆံရေး ပိုမိုကောင်းမွန်လာ မယ်၊ ပိုမိုဆိုးရွားလာမယ်ဆိုတဲ့
အခြေအနေအားလုံးဟာ အလုပ်ရှင်နဲ့ဝန်ထမ်းအပေါ်မှာပဲမူတည်ပါတယ်။ တချို့သော လုပ်ငန်းရှင်တွေဟာ
သူတို့ရဲ့ရာထူးအဆင့်အတန်းကြောင့် သူတို့ကြားမှာ စည်းတစ်ခုထားရှိပြီး ဆက်ဆံကြပါတယ်။
တချို့ကျပြန်တော့လည်း ပျော်ပျော်ရွှင်ရွှင် ကိုယ်နဲ့တစ်သားတည်းဆက်ဆံကြပါတယ်။ အဲဒီအချက်(၂)ချက်စလုံးက
မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အလုပ်ရှင်နဲ့ ၀န်ထမ်းတွေရဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့အတွက်
အခြေခံကျတဲ့အချက်ကလေးတွေကတော့…
တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်ယုံကြည်အားထားရပါမယ်
အခြေခံအကျဆုံး၊
အရေးကြီးဆုံးအချက်ကတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်အားကိုးအားထားလိုစိတ်ရှိခြင်းပဲ ဖြစ်ပါတယ်။
အလုပ်ရှင်ဟာလည်း လုပ်ငန်းတွေအဆင်ပြေချောမွေ့အောင်မြင်ဖို့အတွက် ၀န်ထမ်းတွေကို နေရာတကျတာဝန်ချစီစဉ်ညွှန်ကြားပြီး
အားကိုးအားထားပြုနေရပါတယ်။ ၀န်ထမ်းတွေဟာလည်း သူတို့ရဲ့ မိသားစုဘ၀၊ စားဝတ်နေရေးတည်မြဲဖို့အတွက်
အလုပ်ရှင်ကိုယုံကြည်ပြီးအားကိုးအားထားပြုနေရပါတယ်။ ''ဒီအလုပ်အဆင်မပြေလည်း နောက်အလုပ်တစ်ခု''ဆိုတဲ့
ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်၊ ''ဒီဝန်ထမ်းအဆင်မပြေရင် နောက်တစ်ယောက်''ဆိုတဲ့ အလုပ်ရှင်ရဲ့စိတ်ဓာတ်တွေဟာ
အလုပ်ရှင်နဲ့ဝန်ထမ်းကြားဆက်ဆံရေး၊ ယုံကြည်မှုကိုပျက်ပြားစေမယ့် စိတ်ဓာတ်အခြေအနေတွေပဲဖြစ်ပါတယ်။
ဆက်ဆံရေးကို
နယ်နိမိတ်သတ်မှတ်မယ်
ကုမ္ပဏီတစ်ခုနဲ့တစ်ခု၊
လုပ်ငန်းတစ်ခုနဲ့တစ်ခု ကွဲပြားခြားနားပေမယ့် ၀န်ထမ်းတွေနဲ့လုပ်ငန်းရှင်တွေရဲ့ ဆက်ဆံရေးကတော့
အတူတူပဲဖြစ်ပါတယ်။ အားလုံးရဲ့ဦးတည်ချက်ဟာ အောင်မြင်မှုတစ်ခုတည်မြဲနေဖို့ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်တွေထဲမှာ အများအားဖြင့်တွေ့ဖူးကြပါလိမ့်မယ်။ ကိုယ်တိုင်လည်းခံစားဖူးကောင်း
ခံစားဖူးပါလိမ့်မယ်။ လုပ်ငန်းရှင်တွေက ကုမ္ပဏီအောင်မြင်ရေးအတွက်၊ ကုန်ပစ္စည်းတစ်ခု အောင်မြင်ရေးအတွက်
အဓိကကျတဲ့ဝန်ထမ်းကို ဦးစားပေးဆက်ဆံပြီး ကျန်ဝန်ထမ်းတွေကို ဖိနှိပ်တာတွေကိုလေ။ ဒါတွေဟာ
ဆက်ဆံရေးပျက်ပြားစေမယ့်အပြင် ပြဿနာတွေပါ ဖြစ်ပွားလာနိုင်ပါတယ်။ အဲဒါကြောင့် အားလုံးကို
သာတူညီမျှဆက်ဆံခြင်းကလည်း အရေးကြီးတဲ့ အခြေခံအချက်ပဲဖြစ်ပါတယ်။
ဒီအပြန်အလှန်ဆက်ဆံရေးဟာ
အချိန်တိုင်းတိုးတက်ကောင်းမွန်နေရမယ့် ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ လုပ်ငန်းရှင်က ၀န်ထမ်းတွေရဲ့နေထိုင်မှုဘ၀၊
လုပ်ငန်းလုပ်ကိုင်ရတဲ့အဆင်ပြေမှု၊ မပြေမှုကို စိတ်ဝင်တစားမေးမြန်းရင် ဘယ်ဝန်ထမ်းမဆို
''သြော် ငါ့ကိုစိတ်ဝင်တစားရှိပါလား''ဆိုတဲ့ စိတ်နဲ့အားတက်သရောဖြစ်မယ်။ ၀န်ထမ်းတွေကလည်း
သူတို့ရဲ့ဘ၀အခြေအနေ၊ လုပ်ငန်းအဆင်ပြေခြင်း၊ မပြေခြင်းအပေါ် ပွင့်လင်းရိုးသားစွာပြောဆိုမယ်။
ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုခြေရာ၊ ဆုလာဘ်ဆိုတာ ရှိစမြဲပါပဲ။ လုပ်ငန်းရှင်တွေကလည်း
ကိုယ်ယုံကြည်အားကိုးရတဲ့ဝန်ထမ်းတွေကို အားကိုးအားထားပြုမယ်၊ ချီးမြှောက်မယ်။ အဲဒီလိုပဲ
ဝန်ထမ်းတွေကလည်း ကိုယ်ရခဲ့တဲ့လုပ်အားခကို ကိုယ်ကိုယ်တိုင်လိပ်ပြာသန့်သန့်နဲ့ ရဲဝံ့စွာယူနိုင်ခဲ့ရဲ့လားဆိုတာတွေးတောရင်း
ယုံကြည်မှုကိုအခြေခံပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်ရှင်၊ ၀န်ထမ်းဆက်ဆံရေးကို တည်ဆောက်ကြပါစို့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment