၁။
အရေးပေါ်ဆေးကတ်ကို အတူနေပြီးတိုင်း သောက်တယ်
ဒါဟာလည်း
အင်မတန်လွဲမှားတဲ့ အယူအဆတစ်ရပ် ဖြစ်ပါတယ်။ တကယ်တော့ အရေးပေါ်ဆေးကတ် ဆိုတာ
သူ့နာမည်အတိုင်းပဲ အရေးပေါ်တဲ့အချိန်မှာမှသာ အသုံးပြုသင့်တာပါ။ ကိုယ့်ရည်းစားနဲ့
မတော်တဆ လွန်လွန်ကျူးကျူး ဖြစ်သွားတဲ့အခါ၊ အဓမ္မအကျင့်ခံလိုက်ရတဲ့အခါ၊
အိမ်ထောင်သည်တွေ သားဆက်ခြားနည်း မသုံးရသေးဘဲ အတူနေမိလိုက်တာ၊ စတဲ့ မထင်မှတ်ဘဲ
အကာအကွယ်မဲ့ လိင်ဆက်ဆံမိလိုက်တဲ့ အခါမျိုးတွေ မှာသာ အသုံးပြုသင့်တာ ဖြစ်ပါတယ်။
ဒီဆေးက ဆေးနှစ်လုံးပါတယ်၊ နှစ်လုံးလုံးကို တစ်ပြိုင်တည်း သောက်ရ မယ်။
(တစ်လုံးတည်းပါတဲ့ ဆေးကတ်တွေလည်းရှိတယ်။ ဒါဆိုရင်တော့ အဲဒီတစ်လုံးတည်းကို
သောက်လိုက် ရုံပဲ) အကာအကွယ်မဲ့လိင်ဆက်ဆံပြီး နာရီ(၁၂၀)၊ (၅)ရက်အတွင်း
သောက်လို့ရတယ်၊ စောနိုင်သမျှ စောစော သောက်လေ ကောင်းလေပဲ။
ရာနှုန်းပြည့်ကိုယ်ဝန်မရအောင်တော့ မတားပေးနိုင်ဘူး။ ဆေးသောက်ပြီး (၂)နာရီ အတွင်း
အန်ထွက်ရင် ထပ်သောက်ဖို့ လိုမယ်။ မအန်ရင် သောက်စရာမလိုဘူး။ ဒါက
သူ့ကိုအသုံးပြုနည်းအမှန်။
ဒါပေမယ့်
ဘယ်လိုအသုံးပြုနေကြလဲဆိုတော့ အိမ်ထောင်သည်တွေက သိပ်လည်းအတူမနေဖြစ်ပါဘူး ဆိုပြီး
တခြားဘာသားဆက်ခြားနည်းမှ မသုံးဘူး။ အတူနေပြီးနောက်နေ့ဆို ဒီအရေးပေါ်ဆေးကို
သောက်တယ်။ တချို့ချစ်သူစုံတွဲတွေဆိုလည်း ဒီလိုပဲ၊ မတော်တဆ ချစ်နယ်ကျွံတာမျိုး
မဟုတ်ဘဲ ပုံမှန်ဆက်ဆံမှု ရှိနေပေမယ့် ဒီဆေးကတ်ကိုပဲ အတူနေပြီးတိုင်း သောက်တယ်။
ဒီဆေးက
ခဏခဏသောက်ရင် ဘာဖြစ်လဲဆိုတော့ လူကို ဘာမှတော့ ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင် တယ်လို့
မတွေ့ရသေးဘူး။ ဒါပေမယ့် ပုံမှန်အသုံးပြုရတဲ့ နေ့စဉ်သောက်ဆေးကတ်တို့၊ ထိုးဆေးတို့၊
ပစ္စည်း ထည့်တာတို့နဲ့ ယှဉ်လိုက်ရင် ကိုယ်ဝန်တားနိုင်စွမ်းက နည်းတယ်။ ဒီတော့
ပုံမှန်လိင်ဆက်ဆံမှုရှိနေတာကို ဒီဆေးကိုပဲ အမြဲသောက်နေမယ်ဆို တစ်ကြိမ်မဟုတ်တစ်ကြိမ်
ကိုယ်ဝန်ရသွားနိုင်တယ်။ ဘာနဲ့ဥပမာပေးရ မလဲဆို မျက်စိမှိတ်ပြီး
လမ်းဖြတ်ကူးသလိုပေါ့။ တစ်ခါဖြတ်ကူး၊ လွတ်တယ်၊ နှစ်ခါဖြတ်ကူး၊ လွတ်တယ်၊ သုံးခါ မြောက်လည်းကျရော၊
တိုက်ပြီ။ ဒီသဘောပါပဲ။ ဒါကြောင့် ကိုယ်ဟာ ပုံမှန်လိင်ဆက်ဆံမှုရှိနေတဲ့သူဆိုရင်တော့
ဒီလိုအရေးပေါ်ဆေးကတ်ကို စွဲသောက်နေတာထက် စိတ်ချရတဲ့ သားဆက်ခြားနည်းတခုခုကို
အသုံးပြုသင့်ပါ တယ်။
၂။
အရေးပေါ်ဆေးကတ်က ကိုယ်ဝန်ပျက်ကျစေတယ်
တကယ်တော့
ဒီဆေးကတ်ဟာ ဘယ်လိုကိုယ်ဝန်တားပေးတာလဲဆိုရင် မမျိုးဥကို မကြွေအောင်၊
ကြွေတာနှေးသွားအောင် လုပ်ပေးတာပါ။ ဒီအခါ လိင်ဆက်ဆံလိုက်လို့ သုက်ပိုးဝင်လာရင်တော့
မိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲမယ် မမျိုးဥမကြွေနေတဲ့အတွက် ကိုယ်ဝန်မရအောင် လုပ်ပေးတာသာ
ဖြစ်ပါတယ်။ နဂိုရှိနေတဲ့ ကိုယ်ဝန်ကို ဘာမှအနှောင့်အယှက်မပေးနိုင်တာမို့
ကိုယ်ဝန်ဖျက်ချတဲ့ဆေးအဖြစ်နဲ့ ဖမ်းဆီးတာတွေလည်း မလုပ်သင့်သလို၊
ရနေပြီးသားကိုယ်ဝန်ကို မလိုချင်လို့ သောက်ရင်လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။
၃။
ဆေးသောက်ထားတာတောင် ပုံမှန်ရာသီပေါ်ရမယ့်ရက်မှာ မပေါ်ရင် ကိုယ်ဝန်ရသွားတာလား
ဒီဆေးရဲ့
ဘေးထွက်ဆိုးကျိုးတစ်ခုက ရာသီသွေးကမောက်ကမ ဖြစ်သွားတတ်တာပါပဲ။ ဆေးသောက် စမှာ
အနည်းအပါးဆင်းတတ်တယ်။ နောက် ပုံမှန်လာရမယ့်ရက်ထက် နောက်ဆုတ်သွားတတ်တယ်။ ဒီအခါမှာ
မိန်းကလေးတွေက ကိုယ်ဝန်များရသွားတာလားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ ဒါက ဆေးရဲ့
အာနိသင်ကြောင့် ဖြစ်တာမို့ စိုးရိမ်စရာတော့ မလိုပါဘူး။ သို့သော်လည်း ဒီဆေးဟာ
တခြားကိုယ်ဝန်တားနည်းတွေနဲ့ယှဉ်ရင် ကိုယ်ဝန်တားနိုင်စွမ်းနည်းတာမို့
ဒီဆေးသောက်လိုက်လို့လည်း ရာနှုန်းပြည့်စိတ်ချရတယ် မပြောနိုင်ပါဘူး။ ဒါကြောင့်
ရာသီပေါ်ရမယ့်ရက်မှာ ပေါ်မလာရင် ဆီးစစ်ကြည့်တာကတော့ အကောင်းဆုံးပါပဲ။ တကယ်လို့
ဆီးစစ်တဲ့အခါမှာ တစ်ကြောင်းတည်းပေါ်နေတယ်ဆို စိတ်ချလက်ချနေလို့ ရပါပြီ၊ ဒါဆေးရဲ့
အာနိသင်ကြောင့် သာ ရာသီပေါ်ရမယ့်ရက် နောက်ဆုတ်သွားတာဖြစ်ပါတယ်။
0 comments:
Post a Comment