(၁) ကျွန်မကတော့ တစ်လုံးဆေး သောက်နေတယ်
အိမ်ထောင်ကျစ အမျိုးသမီးငယ်လေးတွေ
တော်တော်များများ အသုံးပြုလေ့ရှိတဲ့ သားဆက်ခြား နည်း ကတော့ နေ့စဉ်သောက်ဆေးကတ်ပါပဲ။
တစ်လတစ်ခါ ရာသီလာတယ်၊ ကလေးယူတော့မယ်ဆို ဆေးသောက် ရပ်လိုက်တာနဲ့ ကိုယ်ဝန်ရတယ်၊
(၃)လခံဆေးလို ကိုယ်ဝန်ပြန်ရဖို့ စောင့်နေစရာ မလိုဘူး။
ဒါပေမဲ့ တစ်နေ့ တစ်လုံး
မှန်မှန်သောက်နေရတာဖြစ်တဲ့အတွက် အလုပ်များတဲ့သူဆို အဆင်မပြေ ဘူး၊ နောက်ပြီး ကာလတို နည်းလမ်းဖြစ်တဲ့အတွက်
ကလေးထပ်မယူတော့ဘူးဆိုတဲ့သူတွေ၊ နှစ်တွေအများ ကြီးကိုယ်ဝန်တားထားချင်တဲ့ သူတွေအတွက်
ရွေးချယ်သင့်တဲ့နည်းလမ်း မဟုတ်ဘူး။ ဒါပေမဲ့ ကလေးအ များကြီးမွေးထားတဲ့ အမျိုးသမီး တချို့က
ဒီနည်းလမ်းကို သုံးနေကြတယ်၊ သုံးတဲ့နေရာမှာလည်း တရားမ၀င် ၀င်လာတဲ့ ဆေးတွေကိုသုံးတယ်။
တရားဝင်မဟုတ်တဲ့ ဆေးဖြစ်တော့ အရည်အသွေးက စိတ်မချရဘူး။ ဒီဆေးသောက်ရင်းနဲ့
ကိုယ်ဝန်ရသွားတဲ့ သူတွေ အများကြီးပဲ။ ပိုဆိုးတာက တစ်လုံးဆေးဆိုတာပဲ။ ဆေးတစ်လုံးကို
တစ် ခါသောက်ပြီး တစ်လလုံးလုံး အာနိသင်ပြနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့
အသိ ပညာပေး တာ အားနည်းတာရယ်၊ ဆေး တစ်လုံးတည်းသောက်ပြီး တစ်လလုံး အေးအေးဆေးဆေး
နေလို့ရ တယ်ဆို တာရယ်၊ ဈေးသက်သာတာရယ် ကြောင့် အမျိုးသမီးတွေ တော်တော်များများ
သောက်နေကြတယ်။
အဲ့ဒီ သောက်နေကြတဲ့ အမျိုးသမီး တော်တော်များများလည်း မလိုချင်ဘဲနဲ့
ကိုယ်ဝန်တွေရနေကြ တယ်။ တကယ်တော့ ဒီဆေးကတ်စားတဲ့ နည်းလမ်းဟာ ကာလတို
ကိုယ်ဝန်တားထားဖို့အတွက်ပဲ သင့်တော်တယ်၊ နှစ်ရှည်လများ သောက်သွားဖို့ရာ မလွယ်ဘူး။
သောက်နေရင်းနဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။ နောက်ပြီး ဆေးကိုရွေးချယ်တဲ့အခါမှာလည်း
စိတ်ချရ တဲ့ ဆေးတွေကို ၀ယ်ယူအသုံးပြုစေချင်ပါတယ်။
(၂)
ဆေးသောက်ဖို့ မေ့သွားရင် နောက်ရက်ကျမှ (၂)လုံး (၃)လုံး ပေါင်းသောက်ပစ်လိုက်တယ်
ဒီဆေးက ခုနကပြောသလို တစ်နေ့ကိုတစ်လုံး
သောက်သွားရမှာ ဖြစ်တာကြောင့် အလုပ်များတဲ့သူ၊ မေ့တတ်တဲ့သူဆို အဆင်မပြေဘူး။
နောက်ပြီး သောက်တဲ့အခါမှာလည်း အချိန်မှန်သောက်ဖို့ လိုတယ်။ ဒါကြောင့်
ညအိပ်ခါနီးတိုင်းသောက်ဖို့ ပြောရတယ်၊ ဒါဆို အိပ်တာနဲ့ ဆေးသောက်တာနဲ့ကို
တွဲထား လိုက်တော့ အိပ်ခါနီးတိုင်းသောက်ရမယ်ဆိုပြီး မမေ့တော့ဘူးပေါ့။
ဒီလိုအိပ်ခါနီးတိုင်း သောက်ပါမယ် ဆိုရင်တောင် မေ့တဲ့ အခါဆိုတာ ရှိနိုင်သေးတာပဲ။
အဲ့လိုဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ရမလဲ၊ ဆေးသောက်နေတဲ့ အမျိုးသမီးတွေကို
မေးကြည့်လိုက်၊ တော်တော်များများ မသိကြဘူး။ တချို့ကျတော့ (၂)လုံး (၃)လုံး ပေါင်း သောက်လိုက်ကြတယ်။
တကယ်က မနေ့ညက သောက်ရမဲ့ဆေးကို ဒီနေ့
နေ့လည်မှ သတိရတယ်ဆို သတိရရချင်း တစ်လုံး သောက်၊ ညကျတော့ ပုံမှန်အတိုင်း သောက်ရမဲ့ဟာ
ဆက်သောက်။ မနေ့ကနဲ့ ရှေ့တစ်နေ့က သောက်ရမှာ တွေကို မေ့သွားတယ်၊ ဒီနေ့မှ သတိရတယ်ဆို
သတိရရချင်း တစ်လုံးသောက်၊ မေ့တာတော့ (၂)ရက်စာ၊ ဒါပေမဲ့ တစ်လုံးပဲသောက်မယ်၊
ပြီးတော့ ညအိပ်ခါနီးကျ ပုံမှန်အတိုင်း ဆက်သောက်။ ကတ်တစ်ကတ် ကုန်သွားလို့
နောက်ကတ်ကို စသောက်ဖို့ တစ်ရက် သို့မဟုတ် နှစ်ရက် မေ့သွားခဲ့ရင်လည်း
ဒီပုံစံအတိုင်းပဲ လုပ်လို့ရတယ်။ တစ်လုံး သို့မဟုတ် နှစ်လုံးမေ့တာက ပြဿနာမရှိဘူး။
ကိုယ်ဝန်ရသွားဖို့လည်း ရာခိုင်နှုန်းနည်းတယ်။
တကယ်လို့ (၃)လုံးနဲ့အထက်
မေ့သွားရင်တော့ အလုပ်နည်းနည်းရှုပ်ပြီ။ ကိုယ်ဝန်ရသွားနိုင်ချေ လည်း များသွားပြီ။
သူ့ကိုကျတော့ (၂)ပိုင်းခွဲရမယ်၊ ပထမတစ်ပိုင်းက ဆေးကတ်ရဲ့ ပထမတစ်တန်းနဲ့
ဒုတိယတန်းမှာ ဆေးသောက်ဖို့ (၃)ရက်နဲ့အထက် မေ့သွားရင် ဘယ်လိုလုပ်ရမယ်ဆိုတာပဲ။
ဘယ်လို လုပ်ရမလဲဆိုတော့ ခုနကအတိုင်းပဲ၊ သတိရရချင်း တစ်လုံးသောက်၊ ပြီးရင်
ပုံမှန်အတိုင်းဆက်သောက်သွား၊ ပိုလာတာက အမျိုးသားနဲ့အတူမနေဘဲ (၇)ရက်ရှောင်ပေးရမယ်၊
ဒါမှမဟုတ် အဲဒီ(၇)ရက်မှာ အတူနေရင် ကွန်ဒုံးသုံးပေး ရမယ်။ အကယ်၍ ဆေးမသောက်ဖြစ်တဲ့ရက်တွေအတွင်းမှာ
အတူနေထားမိတာ ရှိတယ်ဆိုရင် အရေးပေါ် ကိုယ်ဝန်တားဆေးကို သောက်ရမယ်။
နောက်တစ်ပိုင်းကတော့ ဆေးကတ်ရဲ့
တတိယတန်းမှာ (၃)လုံးနဲ့အထက် မေ့သွားရင် ဘယ်လိုလုပ်ရ မယ်ဆိုတာပါ။ သူကကျတော့
ခုနကလိုပဲ သတိရရချင်း တစ်လုံးသောက်၊ ညကျတော့ ပုံမှန်အတိုင်း ဆက် သောက်၊
အမျိုးသားနဲ့တစ်ပတ်ရှောင်၊ ဒါမှမဟုတ် ကွန်ဒုံးသုံး၊ အတူနေထားမိတာရှိရင်
အရေးပေါ်ဆေးသောက်၊ ဒီအထိတူတယ်၊ ပိုလာတာက ဘာလဲဆိုတော့ အဲဒီတတိယတန်း ကုန်သွားတဲ့အခါ
အောက်ဆုံးတန်းက အားဆေးအနီလုံးတွေကို ဆက်မသောက်နဲ့၊ လွှင့်ပစ်လိုက်ပြီး ကတ်အသစ်ကို
ချက်ချင်းစသောက်ဖို့ လိုတာပါပဲ။
အနှစ်ချုပ်ပြန်ပြောရရင်၏
§
တစ်လုံး(သို့မဟုတ်)နှစ်လုံးမေ့ခဲ့ရင်
သတိရရချင်းသောက် +
ပုံမှန်အတိုင်းဆက်သောက်
§
ပထမတန်းနဲ့ ဒုတိယတန်းမှာ
သုံးလုံးနဲ့အထက် မေ့ခဲ့ရင်
သတိရရချင်းသောက် +
ပုံမှန်အတိုင်းဆက်သောက် + အမျိုးသားနဲ့ (၇)ရက်ရှောင်၊ မရှောင်နိုင်ရင်
ကွန်ဒုံးသုံး
§
တတိယတန်းမှာ သုံးလုံးနဲ့အထက်
မေ့ခဲ့ရင်
သတိရရချင်းသောက် +
ပုံမှန်အတိုင်းဆက်သောက် + အမျိုးသားနဲ့ (၇)ရက်ရှောင်၊ မရှောင်နိုင်ရင်
ကွန်ဒုံးသုံး + နောက်ဆုံးတန်းက အားဆေးတွေကို မသောက်ဘဲ နောက်ထပ်ကဒ်အသစ်ကို စသောက်။
အဓိက သိစေချင်တာကတော့ ကိုယ်
ဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုကတည်းက တစ်နေ့တစ်လုံး မှန်မှန်သောက်နိုင်ရဲ့လား
သေချာဖို့လိုသလို၊ မေ့သွားခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သေသေချာချာ
မှတ်သားထားစေချင်ပါတယ်။
(၃)
အမျိုးသားနဲ့ အတူမနေရင် မသောက်ဘူး
ဒီဆေးကတ်ဟာ
စသောက်ပြီဆိုတာနဲ့ တစ်နေ့တစ်လုံး တောက်လျှောက်သောက်သွားရပါတယ်။ တချို့အမျိုးသမီးတွေက
ပထမတစ်တန်းကို သောက်လိုက်တယ်။ နောက် (၃)ရက်ကိုတော့ အမျိုးသားက
ခရီးသွားနေလို့ဆိုပြီး မသောက်ဘူး။ သူပြန်လာမှ ပြန်သောက်တယ်။
အဲ့လိုလုပ်လို့မရပါဘူး။ တစ်လတန်သည်၊ နှစ်လတန်သည် ခရီးသွားမှာမို့
ဆေးသောက်နားလိုက်တာမျိုးက ရပါတယ်။ ဒီရက်ပိုင်းလောက်လေးတော့ နားလို့မရပါဘူး။ ဒါဆို
ဆေးသောက်ဖို့မေ့သွားတာနဲ့ အတူတူပဲ သတ်မှတ်ပါတယ်။ ဒါဆို ကိုယ်ဝန်ရနိုင်ချေ လည်း
များတာမို့ ဒီဆေးသောက်မယ်ဆိုရင် တစ်နေ့တစ်လုံး ပုံမှန်သောက်သွားဖို့
လိုမှာဖြစ်ပြီး အမျိုးသားနဲ့ အတူမနေတဲ့ ရက်များမှာလည်း သောက်ရမှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment