လူအတော်များများက
ဖက်ရှင်ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်ကောက်လွဲနေတတ်ကြတယ်။ ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးတစ်ယောက်ရဲ့စတိုင်လ်၊
ဝတ်ပုံစားပုံကို လိုက်တုနိုင်ပြီဆိုရင်ဖက်ရှင်ပေါ့။ တကယ်တော့ တစ်စုံတစ်ယောက် ကိုယ့်ကိုနှစ်သက်အားကျလာစေဖို့အတွက်
တွန်းအားပေးနေစရာမလိုပါဘူး။ တိုက်တိုက်တွန်းတွန်း ကြိုးစားနေစရာလည်းမလိုပါဘူး။ ဒါပေမဲ့
လူတကာကိုယ့်ကိုနှစ်သက်အားကျလာစေမယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဒါလေးတွေကို အသုံးချပြီး
ဘယ်လိုစတိုင်လ်ကျကျနေကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်…
ပြောဆိုဖို့ရှက်ရွံ့မနေပါနဲ့
ပထမဆုံးက
လူတွေနဲ့တွေ့ဆုံတဲ့အခါ ပိုပြီးလွတ်လွတ်လပ်လပ်စကားပြောပါ။ ကိုယ့်ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းဖွင့်ဟဖော်ထုတ်ပြပါ။
တကယ်လို့ လူတွေနဲ့တွေ့ဆုံပြောဆိုဖို့ကို ရှက်ရွံ့နေမယ်ဆိုရင် လူတွေက ကိုယ့်အကြောင်းကိုမသိနိုင်သလို
ကိုယ့်ကိုမာနကြီးသယောင်၊ အပေါင်းအသင်းမိတ်ဆွေ မလိုအပ်သယောင် ထင်မြင်သွားပါလိမ့်မယ်။
ပွင့်ပွင့်လင်းလင်းလှုပ်ရှားပါ
လူတစ်ယောက်ရဲ့လှုပ်ရှားမှု
ဟန်ပန်က တခြားလူတစ်ယောက်ကို ရင်သပ်ရှုမော အထင်ကြီးလေးစား သွားစေသလို ကြောက်ရွံ့မှုကိုလည်း
ခံစားရစေနိုင်ပါတယ်။ အဲဒီအတွက် ပြောဆိုဆက်ဆံတဲ့အခါ ပွင့်ပွင့် လင်းလင်း သက်သောင့်သက်သာဆက်ဆံပါ။
ခါးကိုမတ်မတ်ရပ် ရင်ကိုကော့ ခေါင်းမော့ထားခြင်းက တစ်ခါ တစ်ရံအတွက်တော့ အဆင်ပြေပေမယ့်
ကိုယ့်ကိုချဉ်းကပ်ရခက်ခဲတဲ့အသွင်ကိုလည်း မြင်ရစေပါတယ်။
မသိချင်ယောင်မဆောင်ပါနဲ့
ဘယ်သူတစ်ဦးတစ်ယောက်မှ
'ဒါလည်း သိတယ်၊ ဟိုဟာလည်း သိတယ်' ဆိုတဲ့ လူစားမျိုးကို နှစ်သက်ကြ တာမဟုတ်ပါဘူး။ အဲဒါကြောင့်
လိုအပ်တဲ့အခါ လိုအပ်သလို အကူအညီတောင်းခံပါ။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကူညီတာကို
ကြိုက်ကြပါတယ်။ အကူအညီလိုအပ်ကြောင်းဝန်ခံခြင်း၊ တောင်းဆိုခြင်းတွေကသာ တစ်ယောက်ကိုတစ်ယောက်
ပိုပြီးရင်းနှီးစေတဲ့အသွင်ကိုဆောင်စေပါတယ်။
စိတ်ကိုရှင်းရှင်းထားပါ
လူတွေကိုယ့်ကို
ပိုပြီးနှစ်သက်အားကျလာစေမယ့် နည်းလမ်းကောင်းတစ်ခုကတော့ ကိုယ့်ရဲ့ပြဿနာတွေ၊ အတွေးအမြင်တွေကို
ခဏတာမျှဘေးဖယ်ထားလိုက်ဖို့ပဲဖြစ်ပါတယ်။ ဟိတ်ဟန်တွေနဲ့ပြောဆိုခြင်းရှောင်ပါ။ လူတိုင်းမှာ
ကိုယ့်ပြဿနာ၊ ကိုယ့်အတွေး ကိုယ်စီရှိနေကြတဲ့အတွက် ကိုယ့်ရဲ့အတွေးအခေါ် အယူ အဆတွေ မကြာခဏပြောဆိုနေခြင်းကိုရှောင်ပါ။
တခြားလူတွေကို
စိတ်ဝင်စားပါ
လူတကာရဲ့နှစ်သက်စွဲလမ်းမှုရရှိသူတွေရဲ့
လျှို့ဝှက်ချက်တစ်ခုကတော့ သူတို့တွေက တခြားလူတွေအပေါ် စိတ်ဝင်စားမှုပြသကြပါတယ်။ တခြားသူတွေပြောတာ၊
ပြောစရာရှိတာတွေကို အသေးစိတ်နားထောင်တယ်။ မေးခွန်းတွေမေးပြီး သူတို့ရဲ့စိတ်ဝင်စားမှုတွေကို
ပြသကြပါတယ်။ အဲဒီလိုတွေပြသတဲ့အခါ ကိုယ့်ကိုစိတ်ဝင်စားတဲ့လူတွေကို ပိုပြီးရင်းနှီးကျွမ်းဝင်လာတာ
သဘာဝပါပဲ။
ပြုံးပါ
လှပတဲ့အပြုံးလေးတစ်ပွင့်က
လူတစ်ယောက်ကို ရုတ်ချည်းဆိုသလို သူ့ရဲ့အသွင်အပြင်ကို နူးညံ့ပျော့ ပြောင်းသွားစေပြီး
ပိုပြီးရင်းနှီးကျွမ်းဝင်သွားသယောင် ထင်ပေါ်စေပါတယ်။ ပြုံးတယ်ဆိုပေမယ့်လည်း တွေ့ဆုံသမျှလူတိုင်းကို
ပြုံးပြနေရမယ်လို့တော့ မဆိုလိုပါဘူးနော်။
ပြင်းပြင်းထန်ထန်ဒေါသတွေမထွက်ပါနဲ့
လူဆိုတာ ကိုယ်ချစ်ခင်နှစ်သက်သူတွေ
ကိုယ့်ကိုစိတ်ပေါ့ပါးစေတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နောက်ပြောင်ကျီစယ်ကြတာသဘာဝပါ။
ကိုယ့်ကိုနောက်ပြောင် စနောက်လို့ပြင်းပြင်းထန်ထန် ဒေါသထွက်တာတွေလိုမျိုးရှောင်ပါ။ ဒါကသာ
လူတွေကိုယ့်ကိုပိုပြီးနှစ်သက်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။
အတင်းအဖျင်းပြောခြင်းရှောင်
ဘယ်သူမဆို
ခင်မင်ရင်းနှီးသူနဲ့ဆုံတဲ့အခါ အတင်းအဖျင်းကတော့ အနည်းငယ်ပြောကြစမြဲပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့စကားလုံးတိုင်း
အကြောင်းအရာတိုင်းမှာ အတင်းအဖျင်းက အဓိကမဖြစ်နေစေဖို့သတိပြုပါ။ တကယ်လို့ ကိုယ်က အတင်းအဖျင်းနဲ့
ကျော်ကြားလာပြီဆိုရင်တော့ လူတွေက ကိုယ့်ဆီကနေ တဖြည်းဖြည်းစွန့်ခွာသွားကြပါလိမ့်မယ်။
အချိန်ပေးပါ
လူတွေ ကိုယ့်ကိုနှစ်သက်စွဲလမ်းလာစေဖို့ကတော့
အဲဒီလူတွေကို အချိန်ပေးတတ်ဖို့လိုပါတယ်။ မကြာခဏ ဆုံတွေ့ပါ။ စကားပြောဆိုပါ။ သူငယ်ချင်းအသစ်တွေမိတ်ဖွဲ့ပါ။
ကိုယ့်ကိုယ်ကိုယ်နေပါ
နောက်ဆုံးအနေနဲ့
လူတကာကြားမှာ ထင်ပေါ်ကျော်ကြားတယ်ဆိုတာ ကိုယ့်ရဲ့အလှအပဖက်ရှင်ကြောင့် သာမဟုတ်ပါဘူး။ လူတကာနှစ်သက်စေတဲ့
ကိုယ့်ရဲ့ပြောဆိုပြုမူဆောင်ရွက်ပုံတွေကြောင့်ဆိုတာ မှတ်သားထားပါ။ အရေးကြီးဆုံးက တခြားသူတွေရဲ့
အပြုအမူတွေကို ဟန်လုပ်၊ အတုခိုးနေတာထက် ကိုယ့်ကိုယ်ကိုယ် သဘာဝအတိုင်း သက်သောင့်သက်သာနေနိုင်အောင်ကြိုးစားပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment