ဖက်ရှင်ဆိုတာ
အလှအပ၊ ဆွဲဆောင်မှုအတွက် လက်နက်တစ်ခုဖြစ်မယ်ဆိုရင် ဒီဖက်ရှင်ဆိုတဲ့လက်နက်ကို အောင်မြင်မှုရစေမယ့်
လုပ်ငန်းခွင်လိုနေရာတွေမှာရော အသုံးချလို့မရနိုင်ဘူးလား။ အထူးသဖြင့် လူအမျိုးမျိုး
စိတ်အထွေထွေ စုပေါင်းနေကြလုပ်ငန်းခွင်လိုနေရာမျိုးမှာ ကုမ္ပဏီလူကြီးပိုင်း ဒါမှမဟုတ်
အုပ်ချုပ်တဲ့လူ တစ်ယောက်ရဲ့ ၀တ်စားဆင်ယင်ပုံက အရေးကြီးလှပါတယ်။ ၄င်းရဲ့ ၀တ်စားဆင်ယင်ပုံနဲ့တင်
လက်အောက်က၀န်ထမ်းတွေကို အရှိန်အဟုန်ကြီးမားတဲ့ အဓိပ္ပာယ်တစ်ခုသက်ရောက်စေပါတယ်။ အဲဒီတော့
လုပ်ငန်းခွင်မှာ စီမံအုပ်ချုပ်တဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုဝတ်ဆင်ကြမလဲ။
အခြေအနေကိုမူတည်ပြီးဝတ်စားပါ
ကိုယ့်ရဲ့ရုပ်သွင်က
ကိုယ့်အတွက် အင်အားကြီးမားတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသွင်အပြင်ကို ပံ့ပိုးပေးမှာကတော့
ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုပါပဲ။ ပွဲလမ်းသဘင်နဲ့ကိုက်ညီတဲ့အ၀တ်အစား၊ စီးပွားရေး လုပ်ငန်းခွင်အတွက်
ဝတ်စုံ၊ အစည်းအဝေး၊ လူမှုရေးတွေ့ဆုံမှုတွေအထိ ၀တ်စုံက ကျကျနန ဖြစ်ဖို့က အရေးကြီးပါတယ်။
ရုပ်သွင်နဲ့အ၀တ်အစားက
အရှိန်အဟုန်ကြီးမားစေတယ်
ကိုယ့်အနေနဲ့
စကားတစ်လုံးမျှမပြောခင်ကတည်းက ကိုယ်ဝတ်ဆင်တဲ့ ၀တ်စားဆင်ယင်မှု၊ ရုပ်သွင်က ပတ်ဝန်းကျင်က
ကိုယ်နဲ့သက်ဆိုင်တဲ့လူတွေဆီကို ကောင်းမွန်တဲ့သက်ရောက်မှုတစ်ခုရှိဖို့လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ကိုဖမ်းစားနိုင်ပြီး
အထင်ကြီးလေးစားခံရဖို့ဆိုရင် ကိုယ့်ရဲ့ရာထူး၊ စိတ်စွမ်းအား၊ ဉာဏ်ရည်ဉာဏ်သွေး၊ လူမှုဆက်ဆံရေးပြေပြစ်နိုင်မှု၊
ကိုယ်ကျင့်တရား၊ ပညာအရည်အချင်းတို့က အရေးကြီးပါတယ်။
ကိုယ်ဖော်ဆောင်ချင်တဲ့
အဓိပ္ပာယ်သက်ရောက်ဖို့အတွက်
လုပ်ငန်းခွင်က
ဦးဆောင်သူတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်း၊ လမ်းကြောင်းချဲ့ ထွင်နိုင်စွမ်းတွေ
ရှိနေရာမှာကတော့သဘာဝပါ။ စစ်မှန်တဲ့ခေါင်းဆောင်တိုင်းက တည်ငြိမ်မှုရှိပြီး စည်းကမ်းတွေကို
လိုက်နာကျင့်သုံးနိုင်စွမ်းရှိကြပါတယ်။ ဥပမာအားဖြင့် အရောင်းမြှင့်တင်ရေးပွဲမှာ ၀တ်ဆင်ထားတဲ့ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံနဲ့
ဒါရိုက်တာအဖွဲ့ဝင်တွေရှေ့မှာ ၀တ်ဆင်ထားရမယ့် ၀တ်စားဆင်ယင်ပုံက ကွာခြားပါလိမ့်မယ်။ အဓိကမှတ်သားထားရမှာကတော့
ဒီလိုအခမ်းအနား၊ ပွဲလမ်းတိုင်းအတွက် ကိုယ်နဲ့ဆက်ဆံနေရတဲ့ပတ်ဝန်းကျင်ကို ကိုယ်ကဘယ်လိုသတင်းအချက်ပေးဖို့
ဘယ်လိုဝတ်စားဆင်ယင်မှုမျိုး ပြသရမယ်ဆိုတာပဲဖြစ်ပါတယ်။
အရောင်ရွေးချယ်မှု
အရောင်ရွေးချယ်မှုက
ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။ အထူးသဖြင့် ကုတ်အင်္ကျီနဲ့ဘောင်းဘီအရောင်
ရွေးချယ်တဲ့အခါ စစ်စိမ်းရောင်၊ အနက်ရောင်လိုမျိုး အရောင်ရင့်ကို ဦးစားပေးရွေးချယ်ပါ။
ပြီးမှ အစိမ်းနုရောင်၊ မီးခိုးရောင်တို့လိုမျိုးကို အတွင်းက၀တ်ဆင်ပေးပါ။
ခန္ဓာကိုယ်နဲ့တစ်သားတည်း
ကျဖို့ကအရေးကြီးတယ်
ကုမ္ပဏီအထက်လူကြီးတစ်ယောက်အနေနဲ့
အ၀တ်အစားဝတ်ဆင်မှုအတွက် အောင်မြင်မှုသော့ချက် ကတော့ ကိုယ့်ရဲ့အ၀တ်အစားနဲ့ကိုယ့်ရဲ့အသွင်အပြင်
တစ်သားတည်းကျနေဖို့ပဲဖြစ်ပါတယ်။ ကိုယ် ၀တ်ဆင်ထားတဲ့ဝတ်စုံက ကိုယ့်ရဲ့အသွင်အပြင်ကနေ ကွဲမထွက်နေစေဖို့သတိပြုပါ။
ဥပမာအားဖြင့် ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်မျက်နှာပြင်ကနေစပြီး ခြေထောက်အထိ တိကျပြတ်သားစွာ ဆွဲထား တဲ့ပန်းချီကားတစ်ချပ်လို
သေချာသပ်ရပ်နေဖို့လိုအပ်ပါတယ်။ အဓိကကတော့ ကိုယ့်အသားအရည် နဲ့လိုက်ဖက်တဲ့အရောင်၊ ကိုယ့်ရဲ့အကောင်းဆုံးသွင်ပြင်ကို
ပြတ်သားစွာပုံဖော်ပေးမယ့်စတိုင်တို့ကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
တိကျသေချာဖို့အရေးကြီးတယ်
ကိုယ်ရွေးချယ်တဲ့ဝတ်စုံ၊
ရှပ်အင်္ကျီ၊ လည်စည်းတို့က လုပ်ငန်းခွင်မှာအရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ အရောင်များစွာ
ပေါင်းစပ်ခြင်း၊ ပုံစံဒီဇိုင်းမျိုးစုံပေါင်းစပ်ခြင်းတွေက အဓိပ္ပာယ်ကိုသက်ရောက်စေပါတယ်။
အဲဒီအတွက် လုပ်ငန်းခွင်ဦးဆောင်သူတွေက ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ရလဒ်ကောင်းတွေရရှိဖို့အတွက်
ရလဒ်ကောင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ပတ်ဝန်းကျင်ကလုပ်ငန်းခွင်ဆက်ဆံသူတွေကို
တိကျသေချာတဲ့ အဓိပ္ပာယ်ဖော်ဆောင်နိုင်ဖို့၊ ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ဖို့ ကိုယ့်ရဲ့ရွေးချယ်မှုကို
ဂရုစိုက်ဖို့လိုပါတယ်။
နောက်ထပ်လုပ်ငန်းခွင်ထဲစမတ်ကျနေဖို့
ဘယ်လိုဝတ်ဆင်ကြမလဲ…
- ခန္ဓာကိုယ်အရပ်အမောင်းရှည်သွယ်သွားသယောင်ဖြစ်စေဖို့အတွက်
ဝတ်စုံကိုတစ်ရောင်တည်းဝတ်ဆင်ပါ။
- ခန္ဓာကိုယ်ခပ်သွယ်သွယ်နဲ့
ကျော့ရှင်းသွားစေဖို့အတွက် အနက်ရောင်လိုအရောင်ရင့်မျိုးကိုဝတ်ဆင်ပါ။
- အရောင်ရင့်တွေက
သာမန်အရောင်ရင့်တွေထက်ပိုပြီး ပတ်ဝန်းကျင်ကိုလွှမ်းမိုးနိုင်စွမ်းရှိကြပါတယ်။
- ကန့်လန့်ဖြတ်အစင်းကြောင်းတွေကလူကိုပိုပြီး
ဝသွားသယောင်ထင်ရစေပါတယ်။
- ဒေါင်လိုက်အစင်းကြောင်းတွေကတော့
ခန္ဓာကိုယ်ကိုရှည်လျားပေါ့ပါးသွားသယောင်ဖြစ်စေပါတယ်။
- ခြေအိတ်ဝတ်ဆင်တဲ့အခါ
ဖိနပ်နဲ့အရောင်ဆင်တူဖြစ်တာမျိုး ဒါမှမဟုတ် ၀တ်စုံထက်အရောင်ဖျော့တာမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment