အနုပညာလောကထဲ ၀င်ရောက်တဲ့အချိန်မှာ တွေ့ကြုံခဲ့ရပုံလေးတွေ ပြောပြပေးပါဦး။
ရွှေစင်က အနုပညာအသိုင်းအ၀ိုင်းနဲ့ ဝေးပါတယ်။ အဲဒီတော့ လေ့လာစရာတွေ သင်ယူစရာတွေ၊ လူမှုရေး သဘောတရားတွေ၊ အလုပ်သဘောတရား နားမလည်တာတွေ အများကြီးရှိခဲ့တယ်။ အတိုက် အခိုက်တွေလည်း များခဲ့တယ်။
အနုပညာလမ်းကြောင်းမှာ ကြော်ငြာရိုက်တာနဲ့ ဗီဒီယိုရိုက်တာ ဘယ်ဟာကို အလုပ်ဖြစ်ဆုံးလဲ။ ညီမအနေနဲ့က ကြော်ငြာက ပိုလုပ်ဖြစ်ပါတယ်။ ကြော်ငြာမော်ဒယ်အနေနဲ့ ရပ်တည်တာ (၄) နှစ်ရှိပြီကို။ ကားရိုက်တာက တစ်နှစ်တောင် မပြည့်သေးဘူးလေ။ ကားရိုက်တာတော့ (၂၅)ကား လောက်တော့ ရှိပြီပေါ့။ ကားရိုက်တဲ့အခါမှာ ညီမ အရမ်းစိုးရိမ်တာက ကိုယ့်မှာကြော်ငြာဘက်မှာ ပရိသတ်ပေးထားတဲ့ နေရာသေးသေး လေးရှိတယ်လေ။ အဲဒီလို ကိုယ့်ပရိသတ်လေးက သရုပ်ဆောင်အလုပ်ကို လုပ်လိုက်လို့ ပရိသတ်တိုးမလာပဲ လျော့သွားမှာကို အရမ်းကြောက်တယ်။
မိသားစုနဲ့ပတ်သက်ပြီးတော့ နားလည်ပေးမှုလေးတွေကို ပြောပြပေးပါဦး။
မိသားစုနဲ့ပတ်သက်ရင်တော့ ညီမက မေမေ့ကိုချွဲပြီးတော့ တစ်ခါတလေမှာပြောတယ်၊ တကယ်လည်း စိတ်ထဲမှာ ရှိတယ်ပေါ့။ တကယ်လို့ နောက်ဘ၀ဆိုတာရှိခဲ့ရင် ဒီမိသားစုနဲ့ပဲ ပြန်နေချင်တယ်။ မိသားစုနဲ့ ပတ်သက်ပြီး ညီမက အရမ်းကံကောင်းတယ်။ ညီမစပြီးတော့ အနုပညာလုပ်မယ်ဆိုတော့ ဖေကြီး၊ ကိုကြီး၊ ကိုလေးတို့က သဘောမတူခဲ့ဘူး။ ကိုယ်တကယ်လုပ်လာပြီဆိုတော့ နောက်ကနေ အထောက်အပံ့တွေ ပေးခဲ့တယ်။ နောက်တစ်ခုက ညီမရဲ့မိဘတွေဟာ သားသမီးတွေ ဖြစ်ချင်တာကို နောက်ကနေ ဂရုစိုက်ပံ့ပိုးပေး တဲ့ နွေးထွေးတဲ့မိဘတွေနဲ့ မိသားစုဘ၀လေးကို ညီမ ပိုင်ဆိုင်ထားတယ်။
မိသားစုလေးကို မိတ်ဆက်ပေးပါဦး။
ဟုတ်၊ ဖေဖေက ဦးကျော်မြိုင် (တရားရုံးချုပ်ရှေ့နေ)၊ မေမေက ဒေါ်ခင်ဝင်းကြည်၊ အစ်ကို အကြီးက ကျော်စွာ၊ အစ်ကို အလတ်က ကျော်ဇေယျာဝင်း၊ ညီမက အငယ်ဆုံး၊ ကိုကျော်ဇေယျာဝင်းက လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဆုံးသွားတယ်။
မိဘအတွက်ရော ညီမလေးက ဘယ်လိုသားသမီးမျိုးလေးလဲ။
ညီမ လုပ်နေတဲ့အလုပ်မှန်သမျှက မိဘ၊ အနုပညာ၊ ပရိသတ်တွေက ပထမ။ ညီမကိုယ် ညီမက ဒုတိယ။
ဒီလို အတိုက်အခိုက်တွေများတဲ့အပေါ်မှာ အသိတရားတွေ၊ အတွေ့အကြုံတွေ၊ ၀မ်းနည်းကြေ ကွဲဖွယ်ရာတွေဟာ ညီမအတွက် ဘ၀ရဲ့လှေကားထစ်သဖွယ်လား။ ဒါမှမဟုတ် ဘယ်လိုသုံးသပ်မိလဲ။
အရမ်းကံကောင်းခဲ့တယ်လို့တော့ ပြောလို့ရပါတယ်။ အတွေအကြုံ၊ အတိုက်အခိုက်တွေက ဘ၀ရဲ့ လှေကားထစ်တွေလားဆိုတော့ ရွှေစင်အဓိကဖြတ်သန်းဖြစ်တာကတော့ ပရိသတ်ကိုချစ်တဲ့ စိတ်တစ်ခုတည်း ပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် ပရိသတ်အတွက် လုပ်ပေးတဲ့အရာရာတိုင်းဟာ ရွှေစင့် စိတ်ဆန္ဒက အပြည့်အ၀နဲ့ လုပ်ပေးခဲ့တာချည်းပါပဲ။ ဒီလိုစိတ်လေးတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာပါ။
စစဦးဆုံး မဂ္ဂဇင်း Cover ကြော်ငြာတွေရိုက်ရတော့ ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်လေးကို ပြောပြပေးပါဦး။
စစဦးဆုံး ကြော်ငြာရိုက်ရတာ အရမ်းပျော်ခဲ့တယ်။ ရွှေစင်က ငယ်ငယ်လေးကတည်းက အနုပညာကို အရမ်းရူးသွပ်ခဲ့တာလေ။ လိုင်စင်ပုံလောက်လေးကို ဂျာနယ်ထဲမှာပါနေရင် အရမ်းပျော်နေတာလေ။ အဲဒီတုန်းက အရမ်းလည်း ကံကောင်းခဲ့တယ်။ တောက်လျှောက် ဘေဘုတ်တွေ ရိုက်ခဲ့တယ်။ အဲဒီ ဘေဘုတ်တွေကလည်း ကံကောင်းတော့ ကြော်ငြာအားကောင်းတဲ့ ကုမ္ပဏီက ဘေဘုတ်တွေ ဖြစ်လာတယ်။ အဲဒီကုမ္ပဏီတွေက ကိုယ့်ကိုယုံကြည်မှုတစ်ခုနဲ့ ကြော်ငြာတွေ လာအပ်တယ်။ အဲဒီလိုနဲ့ပဲ လုပ်ငန်းရှင်တွေက ညီမပုံတွေကို သုံးပေးတယ်၊ သူတို့ဆီကနေ စာနယ်ဇင်းတွေကပြန်သုံး၊ စာနယ်ဇင်းတွေဆီကနေ လုပ်ငန်းရှင် တွေကပြန်သုံး ဒီလိုနဲ့ လည်ပတ်ရင်း ရွှေစင်ကို သိလာတာပေါ့။
ကြော်ငြာတွေရိုက်ကူးတာပဲဖြစ်ဖြစ်၊ ဒီအနုပညာနဲ့ပတ်သက်လို့ လုပ်ဆောင်ရတဲ့ နေရာတွေမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။
အနုပညာအလုပ်ကတော့ တောက်လျှောက်ကြိုးစားနေရတာပါပဲ။ ဘယ်တော့မှ ပြည့်ဝသွား တယ်ဆိုတာ မရှိဘူးလေ။ ညီမအနေနဲ့ ခက်ခဲမယ်လို့ထင်ခဲ့တာက အစောပိုင်းကာလတွေမှာ ကားရိုက်ဖို့ အရမ်း ကြောက်ခဲ့ဖူးတယ်။ ညီမက အပြင်မှာ မျက်ရည်အရမ်းခိုင်တဲ့သူမျိုးလေ။ ဇာတ်ကားရိုက်ရင် ငါမျက်ရည်ရပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်လေးတော့ ဖြစ်ဖူးတယ်။ ပရိသတ်ကိုချစ်တဲ့စိတ်တွေ၊ အနုပညာကိုချစ်တဲ့စိတ်တွေ ကြောင့်ပဲလားမသိဘူး။ စစဦးဆုံး ကားရိုက်လက်ခံပြီဆိုတဲ့အခါမှာ မျက်ရည်ရခဲ့တယ်ပေါ့နော်။ မရိုက်ခင်က ညီမ အစိုးရိမ်ဆုံးကတော့ အဲဒီဟာပေါ့နော်။ အနုပညာဝမ်းစာကလည်း မပြည့်ဝသေးတော့ စိုးရိမ်ခဲ့ရ တာတွေတော့ အများကြီးပါပဲ။ ကိုယ့်ကြောင့် သူများအနှောင့်အယှက်ဖြစ်မှာလည်း အရမ်းကြောက်တယ်။ ဇာတ်လမ်းတွေ စရိုက်လာတဲ့အခါမှာ ရိုက်ရတဲ့ကားတွေက ဒရမ်မာကားတွေများတယ်။ လက်တွဲခေါ်လာ ခဲ့တဲ့ မောင်နှမတွေ၊ အစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လိုအပ်တာတွေကို သင်ပေးခဲ့တဲ့ ဆရာ ဒါရိုက်တာတွေ၊ ပရိုဂျူဆာ တွေကိုလည်း ကျေးဇူးတင်ပါတယ်။
ညီမအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအဓိပ္ပါဖွင့်ဆိုချင်ပါလဲ။
ရွှေစင်ဆိုတာ အမြဲတမ်းပြုံးနေတတ်တဲ့ ကောင်မလေးပါ။ နောက် ပရိသတ်နဲ့ပတ်သက်ပြီး ပြောရရင် ပရိသတ်ကိုချစ်သော၊ အနုပညာကိုချစ်သော၊ အနုပညာနဲ့ပတ်သက်လို့ ကာရိုက်တာပေါင်းစုံကို ပရိသတ်အတွက် လုပ်ပြချင်သော ကောင်မလေးတစ်ယောက်ပါ။
အနုပညာရှင်တစ်ယောက် မဟုတ်ဘဲ တခြားညီမဖြစ်ချင်တဲ့ဘ၀က ဘယ်လိုဘ၀မျိုးလေးလဲ။
ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒီအနုပညာဘ၀က ညီမရဲ့အဖြစ်ချင်ဆုံး အလုပ်ချင်ဆုံး အရာလေးတစ်ခုပါပဲ။
ညီမရဲ့ ဒီလောကမှာ လက်ဦးဆရာဆိုရင် ဘယ်သူဖြစ်မလဲ။
ညီမက မန္တလေးမှာ အနုပညာအလုပ်ကို (၂)နှစ်လောက် လုပ်ခဲ့တယ်။ မန္တလေးက စသင်ပေး ခဲ့တာကတော့ ဆရာကြီး ဦးဇော်ပေါ့နော်။ ရန်ကုန်မှာတော့ လေးနှစ်လောက်ရှိပြီပေါ့။ အနုပညာသက်တမ်း ကတော့ (၆)နှစ် လောက်တော့ ရှိပြီပေါ့နော်။ ပထမဆုံး လက်ဦးဆရာကတော့ ဓာတ်ပုံဦးဇော်ဇော် (ဗိုလ်) အဖွဲ့ ပါပဲ။ အခု ဆရာရေးတဲ့ င်ဿခေနဘသသု ပေါ်က စာတိုပေစာများဆိုတဲ့ ဒဿနစာအုပ်လေးကို ညီမက ပရိုဂျူဆာ လုပ်ထားတယ်။ တောင်းထားတဲ့ ပရိသတ်တွေအားလုံးကို ပို့ပေးတယ်။ ပထမတစ်ခေါက်ပို့ပေးထား တယ်။ အခု ဒုတိယတစ်ခေါက်ပို့မယ်ဆိုတဲ့ စာအုပ်က ခုထိမပို့ရသေးဘူး မအားသေးလို့လေ။
အရင်က တရားစခန်းတွေဝင်ဖြစ်တယ်ဆိုတော့ သာမန်အချိန်နဲ့ တရားစခန်းဝင်တဲ့အချိန် စိတ်နေ စိတ်ထားလေးတွေက ဘယ်လိုပြောင်းလဲမှုတွေ တွေ့ရလဲညီမ။
ဟုတ်၊ အရင်တုန်းကတော့ ညီမ၀င်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုပေါ့လေ။ အောင်စင်္ကြာမိုးကုတ် ၀ိပဿနာဆရာဖြစ် ဒုတိယမြောက်တရားစခန်းက (၉) ရက်နေ့ကတည်းကစနေတာ ညီမမ၀င်နိုင်ဘူးပေါ့နော်။ (၉)ရက်နေ့ကတည်းက ညီမ ချောင်းသာရောက်နေတာလေ။
Sexy Post လေးတွေကို ညီမ ဘယ်လိုနားလည်ထားလဲ။
အနုပညာသမားတစ်ယောက်ကတော့ ညီမလက်ခံထားတာက ထိုင်မသိမ်းနဲ့လည်း ရိုက်မယ်၊ ဂါဝန်လေးနဲ့လည်း ရိုက်ရမယ်၊ အနုပညာသမားဆိုတာ ဆေးစက်ကျရာ အရုပ်ထင်ရမယ်လေ။ ညီမကတော့ ပရိသတ်ကို ရသအစုံပေးနိုင်အောင် ကြိုးစားပါတယ်။ နောက်ပြီးတော့ ပရိသတ်ဆိုတာကလည်း အကြိုက် တစ်မျိုးစီလေ။ ညီမဖြစ်ချင်တာက ပရိသတ်ကို အတတ်နိုင်ဆုံး ရသအစုံပေးနိုင်အောင်၊ အရည်အချင်း ပြည့်ဝနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် အဖက်ဖက်ကနေ ကြိုးစားနေပါ တယ်။ ဒါပေမဲ့ တချို့တွေ ကျတော့ ညီမကို လန်းလန်းလေးတွေပဲ ကြိုက်ကြတယ်။ တချို့ကျတော့လည်း ထိုင်မသိမ်းဝတ်ထားတာကို အရမ်းကြိုက်ကြတယ်။ တချို့ကျတော့လည်း မြန်မာအင်္ကျီလေးတွေကို ကြိုက်ကြတယ်။
မင်းသမီး၊ မင်းသားတွေကတော့ ကောလာဟလတွေက တွေ့ကြုံရမြဲပါ။ ဒါပေမဲ့ ဒီကောလာဟလတွေကို ကျော်ဖြတ်တဲ့နေရာမှာ ဘယ်လိုတွေ ရင်းနှီးပေးဆပ်ခဲ့ရပါလဲ။
တကယ်တမ်းကတော့ ကောလာဟလဆိုတာ တော်တော်ဆိုးပါတယ်။ ညီမ ရန်ကုန်မှာ အနုပညာ အလုပ်တွေ လုပ်မယ်ဆိုတော့ အိမ်က ဖေဖေနဲ့ အစ်ကိုတွေက သဘောမတူခဲ့ဘူး။ ဖေဖေကမေးတယ် ဒီအနု ပညာအလုပ်တွေ လုပ်တဲ့အခါမှာ အနုပညာအလုပ်ဆိုတာ ပရိသတ်က ချစ်ခင်နှစ်သက်သလို၊ ကောလာဟလ ဒဏ်တွေကိုလည်း ခံရမယ်တဲ့။ ညီမကတော့ ပြောခဲ့တယ်၊ ညီမချစ်တဲ့ အနုပညာအလုပ်ကိုလုပ်ရရင် အရာ အားလုံးကို ရင်ဆိုင်နိုင်စွမ်းရှိပါတယ်ပေါ့။ ကောလာဟလဆိုတာ တကယ့်တကယ် ကြုံတွေ့ ရတဲ့အခါမှာ တော်တော်ဆိုးပါတယ်။ ရင်ဆိုင်ဖြတ်ကျော်တဲ့အခါမှာ မဟုတ်တာကြီးကို ငြိမ်ခံနေရအောင်ကလည်း ကိုယ်မှ မဟုတ်တာကို။ ဒီဟာကြီးတစ်ခုကို ပြန်ဖြေရှင်းဆိုတော့လည်း ကိုယ်ပြန်ဖြေရှင်းမှ ဒီကောလာဟလကြီးက ပွပြီးတော့ ဖြစ်သွားမလား၊ အဲဒီလိုလေးပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေတွေကို ဖြတ်ကျော် လာခဲ့ဖူးပါတယ်။ အဲဒီကာလတွေကို ပရိသတ်ကိုချစ်တဲ့စိတ်၊ အနုပညာကို ချစ်တဲ့စိတ်နဲ့ပဲ ကျော်ဖြတ်လာ ခဲ့တာပါ။
ညီမအတွက် အဆိုးဝါးဆုံး ကောလာဟလက ဘယ်လိုအရာဖြစ်မလဲ။
ဟုတ်၊ ကောလာဟလဆိုတဲ့အရာတွေကတော့ ဘယ်အရာမှမကောင်းပါဘူး။ ဘယ်ကောလာဟလ မဆို စိတ်ကိုထိခိုက်စေတာပါပဲ။
ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ ဘ၀အမှတ်တရလေးတွေရှိရင် ပြောပြပေးပါဦး။
ငယ်ငယ်တုန်းက ဖြတ်သန်းရတဲ့ဘ၀ကတော့ ညီမက ငယ်ငယ်ကတည်းက ကိုယ့်ဘ၀ကိုယ် အမြဲကျေနပ်တယ်။ အတိတ်ကို ပြန်ရောက်ချင်တာလည်း မရှိဘူး၊ အနာဂတ်ကို လှမ်းမြင်တယ်ဆိုတာလည်း မရှိဘူး။ အဲဒီအတွက် ညီမအတွက်က ဘာတွေပဲ အတိုက်အခိုက်တွေရှိရှိ ညီမကျေနပ်ပါတယ်။
ဒီသီတင်းကျွတ်အတွက် မင်္ဂလာသတင်းစကားလေးတွေလည်း ပြောပေးပါဦး။
မင်္ဂလာသတင်းဆိုရင် ညီမအတွက်ကတော့ အပျိုကြီးပဲဖြစ်လိမ့်မယ်ထင်တယ်။ အပျိုကြီးဖြစ် ချင်တာတော့ မဟုတ်ဘူး။ ညီမက လူတစ်ယောက်ကို အရမ်းချစ်တတ်တယ်။ အဲဒီတော့ ညီမချစ်တဲ့ အနုပညာ နဲ့ ညီမချစ်ရမယ့်သူနဲ့ကို အချိန်မျှပေးဖို့ တော်တော်ခက်ခဲမယ်လို့ ညီမထင်တယ်။ အဲဒီအတွက် အနုပညာ အလုပ်တွေကို ပရိသတ်အတွက် အများကြီးလုပ်ချင်သေးတယ်။ ညီမရဲ့ကြိုးစားမှုတွေကို ချပြခွင့်ရချင်သေး တယ်။ ခုဆိုရင် စိတ်ရောကိုယ်ပါ အနုပညာအလုပ်ထဲမှာ အပြည့်အ၀နှစ်ထားတယ်လေ။ ညီမရဲ့ မင်္ဂလာကိစ္စဆို ရင်တော့ အများကြီးဝေးဦးမယ်ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိရှေ့မှာ ချစ်နေကြတဲ့ စုံတွဲလေးတွေ အားလုံးကို တော့ ညီမအရမ်းအားကျပါတယ်လို့။ စိတ်ကူးထဲက မင်္ဂလာဆောင်က သေးသေးလေးလည်း ဖြစ်ချင်ဖြစ်မယ်၊ အကြီးကြီးလည်း ဖြစ်ချင်ဖြစ်မယ်။ ရင်းနှီးတဲ့လူတွေပဲဖိတ်တာ ဖြစ်ချင်ဖြစ်မယ်၊ လူတွေ အများကြီးဖိတ်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ပွဲကြီးတာ သေးတာထက် ညီမချစ်ရတဲ့သူနဲ့ပဲ လက်ထပ်ခွင့်ရတာမျိုးပဲ ဖြစ်ချင်ပါတယ်။
နောက်မှာကျန်ရစ်စေမယ့် ရွှေစင်ဆိုတဲ့ ပုံရိပ်ကိုရော ဘယ်လိုမျိုးကျန်ခဲ့စေချင်လဲ။
ညီမက အနုပညာအလုပ်ကို လုပ်နိုင်တဲ့၊ အရည်အချင်းပြည့်ဝတဲ့၊ အနုပညာရှင်ကောင်းတစ်ယောက် အဖြစ် ကျန်ခဲ့စေချင်တယ်။
Media ဆိုတာ ညီမအတွက် ဘယ်လိုဖြစ်မလဲ။
Media ဆိုတာ ညီမအတွက်တော့ အရမ်းအရေးကြီးပါတယ်။ ဒီလောကထဲစ၀င်ဖြစ်တော့လည်း မီဒီယာတွေရဲ့ ပံ့ပိုးမှုတွေ အများကြီးပါတယ်လေ။ စာနယ်ဇင်းဆိုတာက ညီမတို့ပြောချင်တဲ့ စကားတွေကို ပရိသတ်တွေဆီ ပို့ပေးတယ်။ ပရိသတ်သိချင်တဲ့ မေးခွန်းတွေကို ညီမတို့ကို မေးပေးတယ်။ ပရိသတ်နဲ့ အနုပညာရှင်တွေရဲ့ ပေါင်းကူးတံတားလေးပေါ့။ အဲဒီအတွက် ညီမ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ စာနယ်ဇင်းတွေ အတွက် ညီမ အချိန်ပေးဖြစ်ပါတယ်။
ပရိသတ်ကို ပြောချင်တဲ့ စကားလေး။
ပရိသတ်ကို ညီမပြောချင်တာက ဒီအချိန်မှာ ညီမ အနုပညာအလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ပရိသတ်အတွက် ပေးဆပ်ထားတယ်။ ညီမက ပရိသတ်ကို လုပ်ပြချင်တယ်။ ဒါပေမဲ့ အနုပညာသမားဆိုတာ လုပ်ချင်တိုင်းလုပ်လို့ မရဘူးလေ။ ပရိသတ်လက်ခုပ်သံရမှ ကိုယ်တွေပြသချင်တဲ့ အနုပညာကို ပြသခွင့်ရတာ လေ။ အဲဒီအတွက် ပရိသတ်ရဲ့လက်ခုပ်သံလေးတွေကို ညီမမျှော်လင့်နေပါတယ်လို့။ တလောက ကိုလေး ဆုံး သွားတော့ ကိုယ့်ကလည်း ဒီဘက်မှာ အလုပ်တွေကများနဲ့ အရမ်း လည်း ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ကို ချစ်တဲ့ပရိသတ်အတွက်ပဲ ဦးစားပေးပြီး ညီမလုပ်ဖြစ်ခဲ့ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment