ကမ္ဘာတစ်လွှား သဲသဲလှုပ်ဖြစ်ခဲ့တဲ့ iPhone အသစ်













iPhone 6 နဲ့ 6 Plus အတွက် ကနဦးရောင်းချနိုင်မယ့် အရေအတွက် ၄ သန်းဟာ စတင်ရောင်းချတဲ့ 24 နာရီအတွင်းမှာပဲ ပြည့်သွားခဲ့ပြီး အလွန်များပြားလှတဲ့ အမှာစာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Apple ကုမ္ပဏီ က ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။ 2012 တုန်းက iPhone 5 ထွက်ရှိစဉ်က 24 နာရီ အတွင်း အလုံးရေ ၂ သန်း ရောင်းခဲ့ရတဲ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ iPhone 5S, 5C တုန်းကလည်း ပထမဆုံး(၃)ရက်အတွင်းမှာ အလုံးရေ ၉ သန်း ရောင်းခဲ့ရပြီး ယခုလို ၂၄ နာရီ အတွင်း ဘယ်လောက် ရောင်းချခဲ့ရတဲ့အရေအတွက်ကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။

iPhone 6 နဲ့ 6 Plus ဟာ အမှာစာ စတင်လက်ခံခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ အလုံးရေ ၁၀ သန်း အတွက် ရောင်းချခဲ့ရပြီး စက်တင်ဘာ 19 ရက်နေ့ကစလို့ နိုင်ငံပေါင်း 26 နိုင်ငံမှာ ကနဦး မှာယူထားတဲ့ iPhone တွေကို စတင်ရောင်းချခဲ့ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် မှာယူသူအမျာစုက နောက်လ (အောက်တိုဘာလ)အထိ မစောင့်ဆိုင်းလိုကြပါဘူး။ Apple ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာလည်း တစ်ဟုန် တိုး ထိုးတက်သွားခဲ့ပါတယ်။ ဒီလိုမျိုး ကမ္ဘာတစ်လွှား သဲသဲလှုပ် တုန်ခတ်သွားခဲ့တဲ့ iPhone အသစ်ဟာ ဘယ်လိုပုံစံမျိုးပါလိမ့်… ။ ဘာတွေများ ထူးခြားလာပါလိမ့်ဆို သိချင်ကြပါလိမ့်မယ်။ အထူးသဖြင့် လက်ရှိ iPhone အသုံးပြုနေသူဆိုရင် ပိုပြီး စိတ်ဝင်စားမှာ သေချာပါတယ်။

(Apple ရဲ့ Special Event ကျင်းပတဲ့အချိန်က ကျွန်တော်တို့ စံတော်ချိန်နဲ့ နေ့/ည ကွာခြားပါတယ်။ ကျင်းပ တဲ့ အချိန်ဟာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီဖြစ်ပေမယ့် ဒီမှာတော့ စက်တင်ဘာလာ ည ၁၁ နာရီခွဲဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်အတော်ကြာကြာ စောင့်ဆိုင်းခဲ့ကြရတဲ့ Apple ရဲ့  iPhone ထုတ်ကုန်သစ် မိတ်ဆက်တာကို တိုက်ရိုက်ကြည့်လိုတဲ့အတွက် ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ဟာ အခက်အခဲ တချို့ကြားကနေ ကြည့်ဖြစ်အောင် ကြည့်ခဲ့ကြပါတယ်။)

ပထမဆုံး iPhone နှစ်မျိုးရဲ့ အရွယ်အစားကို နှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင် iPhone 6 ဟာ မျက်နှာပြင် အရွယ်အစား 4.7” ရှိပြီး iPhone 6 Plus ကတော့ 5.5” ရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်အရည်အသွေးက iPhone 6 မှာ 1334 x 750 p (326 ppi) ပါဝင်ပြီး iPhone 6 Plus မှာတော့ 1920 x 1080 p (401 ppi) ပါဝင်ပါတယ်။ မျက်နှာပြင်က Retina HD Display နည်းပညာကို အသုံးပြုထားပြီး Backlight, IPS Display screen အမျိုးအစားဖြစ်ပါတယ်။ 

အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်း ထုတ်လေ့မရှိတဲ့ Apple ဟာ iPhone 6 Plus ကို သူ့ရဲ့ ပထမဆုံး Phablet ဖြစ်ထုတ်လုပ်လိုက်တဲ့အတွက် အစွဲအလန်းကြီးတဲ့ ပရိသတ်တွေအဖို့ ဝေဖန်စရာဖြစ်လာနိုင်ပေ မယ့် နည်းပညာ အသစ်အဆန်းနဲ့ အရွယ်အစားကြီးကြီးမားမား အသုံးပြုချင်တဲ့ ပရိသတ်တွေအတွက်တော့ အလွန်နှစ်ခြိုက်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

မျက်နှာပြင်အပေါ်က ဖုံးအုပ်ထားတဲ့မှန်ဟာ အပေါ်ဘက်ကို ကြွတက်နေတဲ့ပုံစံမျိုးဖြစ်ပြီး ဖုန်းရဲ့ အနားသတ် ထောင့်ချိုးတွေဟာ နဂိုထက် ပိုမိုလုံးဝန်း ချောမွေ့သွားပါတယ်။ ပါးလွှာမှုအနေနဲ့ကတော့ iPhone 6 ဟာ 6.9 mm အထူသာရှိတဲ့အတွက် အလွန်ပါးလွှာတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ iPhone 6 Plus ကတော့ 7.1 mm အထူသာရှိပြီး အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်းတွေထဲမှာ အပါးဆုံး စားရင်းဝင်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ iPhone 6 ဟာ 129 g အလေးချိန်ရှိပြီး iPhone 6 Plus က 172 g အလေးချိန်ရှိပါတယ်။ 

စွမ်းဆောင်ရည်ပိုင်းအတွက် Apple ဟာ မျိုးဆက်သစ် iPhone 6 တွေမှာ Apple A8 Chip ကို အသုံးပြု ထားပါတယ်။ ဒီ A8 Chip နဲ့အတူ M8 Motion coprocessor စနစ်လည်း ပူးတွဲပါဝင်မှာဖြစ်ပါတယ်။ ဒါ့ အပြင် အသစ်ပါဝင်လာတဲ့ barometer sensor က battery အသုံးပြုမှု ပိုမိုကုန်ကျခြင်းမရှိဘဲ ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှု၊ သွားလာမှုတွေကို မှတ်တမ်းတင်ပေး ထားနိုင်မှာဖြစ်ပါတယ်။ 

ကင်မရာပိုင်းကို Megapixels အရ ကြည့်မယ်ဆိုရင်တော့ 8 MP ပဲ ဆိုပေမယ့် အသစ်ထည့်သွင်းထားတဲ့ 1.5 micron pixles နဲ့ f/2.2 အထိ ရိုက်ကူးနိုင်တဲ့ စနစ်က စွမ်းဆောင်ရည်မြင့် ကင်မရာကြီးတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဦးမှာဖြစ်ပါတယ်။ Foucs Pixels, Face Detection, Exposure Control, Auto Stabilization, Photos App, Panorama အစရှိတဲ့ လုပ်ဆောင် ချက်တွေ ပါဝင်သလို iPhone 6 Plus မှာတော့ Optical Image Stabilization စနစ် ပါဝင်မှာဖြစ်ပါတယ်။ 

Apple ဟာ iPhone 5S မှာကတည်းက download speed, network speed အမြန်ဆုံး ချိတ်ဆက် အသုံးပြု နိုင်တဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ သက်သေပြခဲ့ပြီးသားဖြစ်ပါတယ်။ အခု iPhone 6 မှာ လည်း Wifi အသုံးပြုမှုအတွက်လည်း အမြန်နှုန်း ၃ ဆ မြှင့်တင်ထားပြီး SDPA, 42 Mbps; HSUPA, 5.76 Mbps; EV-DO Rev. A, up to 3.1 Mbps; LTE, Cat4, 150 Mbps DL, 50 Mbps UL အထိ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။လုံခြုံရေးစနစ်အနေနဲ့ iPhone 5S မှာ ပါဝင်ခဲ့တဲ့ Touch ID နည်းပညာပဲ ပြန်လည် အသုံးပြုထားပြီး နဂိုထက် ပိုပြီး မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Apple ရဲ့ Mobile Payment စနစ်အသစ်ဖြစ်တဲ့ Apple Pay ရဲ့ သက်သေခံ ID အဖြစ်ပါ အသုံးပြုနိုင်စေပါလိမ့်မယ်။

နည်းပညာပိုမိုကောင်းမွန်လာပြီး အရွယ်အစားကြီးမားလာတဲ့ iPhone အသစ်တွေဟာ Apple ပရိသတ်တွေ အဖို့ စောင့်ရကျိုးနပ်စေခဲ့ပါတယ်။ အခုအခါ ပြည်တွင်း အရောင်ဆိုင်တစ်ချို့မှာလည်း iPhone 6, 6 Plus ရရှိနိုင်ပြီဆိုတဲ့အသံ သဲ့သဲ့ကြားနေရပြီး ကနဦးရောက်ရှိတဲ့ဈေးနှုန်းတွေအရကတော့ အတော်ကိုများပြားနေပါသေးတယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment