ပျိုမဒီလေးတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ချင်တယ်ဆိုရင်










အခုချိန်မှာ Date လုပ်တယ်ဆိုတာ ထူးဆန်းတဲ့စကားလုံး မဟုတ်တော့ပါဘူး။ ‘Blind Date’ ဖြစ်စေ ‘Love Date’ ဖြစ်စေ အားလုံးက အင်တာနက်ဆိုတဲ့ကွန်ရက်ကြီးက သူ့နေရာနဲ့သူ အဆင်ပြေနေပါတယ်။ Gtalk, Facebook, Twitter တို့လို လူမှုကွန်ရက်တွေကတစ်ဆင့် ဓာတ်ပုံ တွေအချင်းချင်းပို့မယ်။ ‘Blind Date’ လုပ်မယ်။ အဆင်ပြေသဘောတိုက်ဆိုင် နှစ်ဖက်စလုံး သဘောကျခဲ့ရင် အချိန်အကြာကြီးလက်တွဲကြမယ်။ အဲဒီလို လက်တွဲကြတဲ့အချိန်အတွင်းမှာ စေ့စပ်သေချာတဲ့ အမျိုးသား၊ အမျိုးသမီး တို့ဟာ ကိုယ့်ရဲ့ လက်တွဲဖော်မှာ ကိုယ်လိုချင်တဲ့အချက်လေးတွေ ရှာဖွေတတ်ကြ၊ စောင့်ကြည့်တတ်ကြပါတယ်။ အမျိုးသမီးတွေလိုချင်တဲ့ အမျိုးသားတွေဆီက အချက်လေးတွေက ဘာတွေများဖြစ်မလဲ။ 
လေ့လာကြည့်ကြရအောင်…

လက်ခံနိုင်လောက်တဲ့အကြောင်းပြချက်ပြောပါ
ရိုးရှင်းပါတယ်။ ကိုယ်နဲ့တွဲနေတဲ့ အမျိုးသမီးဟာ ကိုယ့်ဆီကဘာကို အရင်ဆုံးသိချင်မယ်ထင်လဲ။ အရင်က မိန်းကလေးဘယ်နှစ်ယောက်တွဲခဲ့သလဲဆိုတာကိုပေါ့။ အဲဒီအခါကျရင် ကိုယ့်ဘက်က အမှန်အတိုင်းဖြေပေး ဖို့ လိုအပ်ပါတယ်။ ကိုယ်မကြိုက်လို့ ပြင်ခိုင်းတဲ့အချက်ကို မပြင်နိုင်တာတွေ၊ ကိုယ့်အသိုင်းအ၀ိုင်းရဲ့ ဟန့်တားမှုတွေ၊ ဒါမှမဟုတ် သူမဘက်က ကိုယ့်ကို မကြိုက်တာတွေ၊ သူမ အသိုင်းအ၀ိုင်းကြောင့် လက်တွဲ ဖြုတ်ခဲ့ရတာတွေဆိုတာ ယခုလက်တွဲဖော်နားလည်အောင် အချိန်ယူရှင်းပြပေးပါ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်အရင်က မိန်းကလေးဘယ်နှစ်ယောက်တွဲခဲ့တယ်၊ ဘယ်လိုပြတ်ခဲ့တယ်ဆိုတာကို ဂုဏ်ယူ ၀င့်ကြွားပြီးပြောနေခြင်းက ယခုလက်တွဲဖော်မိန်းကလေးကို ကိုယ့်အပေါ်ယုံကြည်မှုနည်း၊ ရွံရှာစေပါတယ်။

ဟာသလေးတွေ ပြောတတ်ပါစေ
ကျောင်းတစ်ကျောင်း၊ အလုပ်ခွင်တစ်တစ်ခုခုမှာဆိုရင် မိန်းကလေးအတော်များများ သတိပြုမိတာက ပထမဆုံးရုပ်ချောတဲ့ ယောက်ျားလေး၊ နောက်ထပ်က အနေအထိုင်အေးဆေးတဲ့ ယောက်ျားလေး သို့မဟုတ် ဟာသအပြောသန်တဲ့ ယောက်ျားလေးဖြစ်ပါတယ်။ အဲဒီ (၂)ယောက်ထဲမှာမှ မိန်းကလေးအများစုက ဟာသပြောတတ်တဲ့လူကို ပိုပြီးနှစ်သက်ကြပါတယ်။ ဟာသပြုလုပ်ခြင်းက အလွန်တင်းမာနေတဲ့ ချစ်သူ ရည်းစားအတွဲတွေ၊ မိသားစုတွေကိုတောင် ရယ်မောနိုင်စေပါတယ်။ နောက်ထပ်လျှို့ဝှက်ချက်က မိန်းကလေးစိတ်ကောက်နေလို့ ဟာသလုပ်ပြီး ပျော်ရွှင်စေတဲ့ ယောက်ျားလေးက ချစ်စရာ အကောင်းဆုံးဖြစ် ပါတယ်။ (မိန်းကလေးတွေပဲ ပြောကြတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်) ဟာသဆိုတဲ့နေရာမှာ ကလိထိုးပြီး ရယ်ရတဲ့ဟာသမဟုတ်ဘဲ သဘာဝကျကျရယ်ရတဲ့ဟာသကို ဆိုလိုပါတယ်။

ခိုင်မာတဲ့ ရည်မှန်းချက်ရှိပါ
အမျိုးသမီးအများစုက ရည်မှန်းချက်ကြီးတဲ့ အမျိုးသားတွေကို နှစ်သက်ကြပါတယ်။ ရည်မှန်းချက်ကို ဘယ်လို သိမလဲ။ အမျိုးသားတွေရဲ့ ရိုးသားမှု၊ သစ္စာရှိမှု၊ ပြီးရင် အမျိုးသမီးတွေဟာ ဘ၀ရဲ့ရည်မှန်းချက်၊ ရည်ရွယ် ချက်တွေကို လေ့လာကြပါတယ်။ ရည်မှန်းချက်ကြီးတဲ့လူဆိုလို့ ဒါရိုက်တာဖြစ်ရမယ်။ မန်နေဂျာကြီးဖြစ်ရ မယ်ကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူနဲ့ ဘယ်လိုလက်ထပ်မယ်။ ချစ်စရာကောင်းတဲ့ ကလေးလေး ဘယ်နှစ်ယောက်မွေးမယ်။ အဲဒါတွေကို ပြောတာလည်း မဟုတ်ပြန်ပါဘူး။ ကိုယ်ဘယ်အသက်အရွယ်မှာ ဘာဖြစ်နေပြီးတော့ ဘ၀အတွက် အာမခံချက် ဘယ်လိုရှိအောင်ကြိုးစားမယ်ဆိုတဲ့ အစီအစဉ်တွေကို ပြောခြင်းဖြစ်ပါတယ်။

သပ်သပ်ရပ်ရပ်ရှိဖို့လိုအပ်တယ်
အမျိုးသမီးတွေဟာ သေသပ်ကျနတဲ့ အမျိုးသားတွေကို နှစ်သက်ကြပါတယ်။ ပုဆိုးဝတ်ထားသည်ဖြစ်စေ၊ ဘောင်းဘီဝတ်ထားသည်ဖြစ်စေ ဆံပင်ကို သေသေသပ်သပ် ဖြီးထားမယ်၊ လက်သည်းခြေသည်းတွေကို သပ်ရပ်စွာညှပ်ထားမယ်၊ အဲဒီလိုမျိုးတွေကို ဆိုလိုပါတယ်။ ကျွန်မအပါအ၀င် ကျွန်မသူငယ်ချင်းအများစုဟာ လမ်းဘေးမရှောင်၊ လမ်းပေါ်မရှောင် ကွမ်းတံတွေးထွေး၊ နှပ်ချေးညှစ်တတ်တဲ့ အမျိုးသားတွေမြင်ရင် စိတ်ပျက်ကြပါတယ်။ ''သြော် သူတို့က ကိုယ့်နိုင်ငံကို တံတွေးနဲ့ထွေးနေတာပဲ''

ကိုယ်ချင်းစာမှုရှိပါ
ကိုယ်ချင်းစာတရား၊ ကြင်နာမှုဆိုတော့ ဘယ်လိုမျိုးများလဲ။ ကိုယ်က သွားချင်တဲ့နေရာသွားမယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့နေမယ်။ ကိုယ့်ချစ်သူကိုတော့ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ ဖြစ်သင့်ပါသလား။ ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ရယ်မောစကားပြော၊ ကိုယ့်ချစ်သူကတော့ ဘေးမှာငုတ်တုတ်၊ ပါးစပ်ပိတ်ပြီး ကျောက်ရုပ်ကြီးလို…

သူရဲကောင်းဖြစ်ပါစေ
ပင့်ကူ၊ ပိုးဟပ်တို့လို အင်းဆက်ပိုးမွှားလေးတွေကို ကြောက်တတ်တဲ့မိန်းကလေးတွေအတွက်ကတော့ အဲဒီအကောင်လေးတွေကို တုံ့ဆိုင်းခြင်းမရှိဘဲ ဖယ်ပေးတတ်တဲ့ ချစ်သူကောင်လေးဟာ မိန်းကလေးအတွက်တော့ တကယ့်သူရဲကောင်းကြီးပါပဲ။

အခုလောက်ဆို အမျိုးသားတို့လည်း အမျိုးသမီးတွေလိုအပ်နေတဲ့အချက်လေးတွေကို သိသင့်သလောက်သိပြီလို့မျှော်လင့်ပါတယ်။ ဒီအချက်လေးတွေကို ဖြည့်ဆည်းရင်း ကိုယ့်ချစ်သူကို ကျေနပ်မှုပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment