ကိုယ်လုပ်နေရတဲ့အလုပ်ကလူတစ်ယောက်အဖြစ် ဆုံးဖြတ်ပေးတာလို့ ယုံကြည်ပါတယ်… မီရှဲလ်ယိုး









ယောက်ျား၊ မိန်းမခွဲခြားတာထက် ကိုယ်လုပ်နေရတဲ့အလုပ်ကလူတစ်ယောက်အဖြစ် ဆုံးဖြတ်ပေးတာလို့ ယုံကြည်ပါတယ်… မီရှဲလ်ယိုး

မီရှဲလ်ယိုးဆိုရင် ပရိသတ်အားလုံးသိကြမှာပါ။ နာမည်ကြီးအက်ရှင်မင်းသမီးကြီးတစ်ယောက်ပေါ့။ မီရှယ်ဟာငယ်စဉ်ကတည်းက ဘဲလေးအကကိုဝါသနာပါသူတစ်ယောက်ဖြစ်ပြီး လန်ဒန်မြို့ Royal Academy of Dance မှာ ဘဲလေးအကပညာကို သင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကျောရိုးဒဏ်ရာရရှိမှုကြောင့် ဘဲလေးအကကိုရပ်နားခဲ့ရပြီး တခြားသောအနုပညာဘက်ကိုစိတ်ဝင်စားမှုပြောင်းရွှေ့ခဲ့ရပါတယ်။

အသက် ၂၀ အရွယ်မှာတော့ မီရှဲလ်ဟာ Miss Malausia ဆုကိုရရှိခဲ့ပါသေးတယ်။ ဒါတင်မကပါဘူး။ ၁၉၈၃ ခုနှစ် လန်ဒန်မှာကျင်းပတဲ့ Miss World ပြိုင်ပွဲမှာလည်း မလေးရှားနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ အဲဒီအချိန်ကစပြီ မီရှဲလ်ဟာ ဂျက်ကီချန်းနဲ့အတူ ရုပ်သံကြော်ငြာတွေမှာပါဝင်ခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။ မီရှဲလ်ရဲ့ ပထမဆုံးဇာတ်ကားကတော့ Yes, Madam ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မီရှဲလ်က သူရဲ့ကိုယ်ပိုင် စတန့်ပြကွက်တွေနဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ မီရှဲလ်က ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် Dickson Poon ကို လက်ထပ်ခဲ့ပြီး အနုပညာလောကကနေ ခေတ္တအနားယူခဲ့ပါတယ်။ 

ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာ ကွာရှင်းပြတ်စဲပြီးနောက်မှာတော့ အနုပညာလုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်ခဲ့ ပါတယ်။ မီရှဲလ်က အနုပညာလုပ်ငန်းတွေနဲ့သာ နာမည်ကြီးရုံမကပါဘူး။ လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ လည်း နာမည်အရှိန်အ၀ါကြီးမားသူတစ်ယောက်ပါ။ ၁၉၉၉ ခုနှစ်က ၄၉ ကြိမ်မြောက် Berlin International Film Festival မှာလည်း ခုံသမာဓိအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာလမှာလည်း JCI (Junior Champre international) ကပေးအပ်တဲ့ The Outstanding Young Persons of the World (TOYP) ဆုကိုရရှိခဲ့ပါသေးတယ်။ ၂၀၁၀ ခုနှစ်  မလေးရှားရုပ်ရှင်ပွဲတော်မှာလည်း အထူးဆုရရှိခဲ့ပါသေး တယ်။ 

၂၀၁၃ ခုနှစ် ဟောင်ကောင်မှာကျင်းပတဲ့ ၇ ကြိမ်မြောက် Asion Film Award မှာလည်း The Excellencein in Asian Cinema Award ဆုကို ရရှိခဲ့ပါတယ်။
ခုလိုဘက်ပေါင်းစုံမှာအောင်မြင်မှုရနေတဲ့ မီရှဲလ်ယို့နဲ့ အင်တာဗျူးလေးကတော့…

ရှင်ကခရီးတွေခဏခဏထွက်နေရတာဆိုတော့ ရှင့်ရဲ့အိမ်လို့ ဘယ်အရာကိုသတ်မှတ်ပါသလဲ။
ကျွန်မက အလုပ်သဘာဝအရ တစ်နေရာတည်းမှာအကြာကြီး မနေနိုင်ပါဘူး။ ခုချိန်မှာတော့ ကျွန်မ ဟိုတယ်ပေါင်းစုံမှာလိုက်နေရတယ်။ ဒါပေမဲ့ အချိန်ရရင်ရသလို ကျွန်မ မလေးရှားကိုပြန်ဖို့ကြိုး စားတယ်။ ရက်နည်းနည်းလေးပဲဖြစ်ဖြစ်ပေါ့။ တကယ်တော့ ကိုယ်ဘယ်သူဆိုတာ ဘယ်ကလာတယ်ဆိုတာနဲ့ ကိုယ့်မိသားစုကဘယ်သူဆိုတာ မှတ်မိဖို့ကအရေးကြီးပါတယ်။ မလေးရှားနိုင်ငံကတော့ ကျွန်မအတွက် အမြဲတမ်းအိမ်ပါပဲ။

ရှင်ကနာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။ ရှင့်ကိုရှင် မလေးရှားနဲ့ အရှေ့တောင်အာရှရဲ့ စံပြပုဂ္ဂိုလ်လို့ ယူဆပါသလား။

ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုမထင်ပါဘူး။ 

နာမည်ဂုဏ်သတင်းကြီးမားတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ အာရှမှာလူ့အခွင့်အရေးအပေါ် ရှင့်ရဲ့အမြင် ကိုပြောပြပါဦး။
အာရှအမျိုးသမီးတွေအတွက်တော့ အဲဒါပြဿနာတစ်ခုပေါ့။ အထူးသဖြင့် တရုတ်မိသားစုတွေမှာ သားယောက်ျားလေးက အရေးကြီးတယ်လို့ ယုံကြည်ကြတယ်။ ကျွန်မကိုယ်ကျွန်မတော့ အဲဒီလိုမခံစားရဘူး။ ကျွန်မအနေနဲ့ကတော့ ယောက်ျားမိန်းမဆိုပြီး ခွဲခြားနေတာထက် လုပ်ဆောင်နေတဲ့အလုပ်ကသာ လူတစ်ယောက်ကို ဆုံးဖြတ်ပေးတာလို့ ယုံကြည်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment