(၁၈ နှစ်အောက် လုံးဝမဖတ်ရ)







 အဖေက သမီးကို၊ အမေက သားကို၊ အစ်မက ညီမလေးတွေကို ပေးစာပုံစံ ရေးထားတဲ့စာအုပ်တွေ တော်တော်များများ ရှိပါတယ်။ ဒီဆောင်းပါးကတော့ မဟုတ်တရုတ် အတတ်ကောင်းတွေ တတ်နေတဲ့ သူ့ ညီလေးတွေကို အစ်ကိုကြီးတစ်ယောက်ကနေ ပွင့်ပွင့်လင်းလင်း ပြောပြတဲ့ပုံစံလေးနဲ့ ရေးချင်ပါတယ်။ ဒါကြောင့် တရင်းတနှီး ညေးလို့ပဲ ခေါင်းစဉ်တပ်ထားတာပါ။
ဒီတစ်လော ဖေ့စ်ဘွတ်မှာ လူပြောများနေတာလေး ရှိပါတယ်။ ဘာလဲဆိုတော့ လူငယ်တစ်ယောက်က WY ဆေးပြားကို သောက်ပြီးလို့ ကျန်ခဲ့တဲ့ဂျိုးတွေကို သူ့ရဲ့လိင်အင်္ဂါမှာသုတ်ပြီး သူ့ကောင်မလေးနဲ့ အတူနေ လိုက်ပါ သတဲ့။ အကြောင်းရင်းကတော့ အဲဒီလိုနေရင် ကောင်မလေးက တမ်းတမ်းစွဲဖြစ်သွားမယ် ထင်လို့ပါတဲ့။ ဘယ်သူမြှောက်ပေးလိုက်တယ်တော့ မသိဘူးပေါ့လေ။ အဲဒီမှာ ကောင်မလေးလည်း တော်တော်ဒုက္ခဖြစ်သွားရ တယ် ပြောပါတယ်။ ကျွန်တော်သိသလောက် အဲဒီဂျိုးတွေက ပါးမှာထိမိရင်တောင် တော်တော်ယားတာ၊ တစ်ချိန်လုံး ကုတ်နေရတာမျိုးတဲ့ ဆိုတော့ တအားအဆင်မပြေ ဖြစ်သွားနိုင်တယ်နော်။
ကိုယ်ကလည်း မျိုးဆက်ပွားကျန်းမာရေး လို့ ဆိုလိုက်တာနဲ့ ကိုယ့်ပြေးမြင်အောင် ကြိုးစားထားသူ ဆိုတော့ ဒီအကြောင်း ဟော့လာချိန်မှာ ၄ – ၅ ယောက်မက ကျွန်တော့်ကို မန်းရှင်းခေါ်ပြီး ပြကြပါတယ်။ တစ်ယောက်ကဆို ဘာတောင်အကြံပေးလဲဆိုတော့ ဆရာ အဲဒီလို Sex Group တွေထဲဝင်ပြီး အသိပညာပေးပါ တဲ့။ အမလေး၊ အဲ့လောက်တော့ မလုပ်ပါရစေနဲ့ တောင်းပန်ထားရတယ်။ တော်ကြာ ကိုယ့်ပါ “ချောင်းရိုက်လေး တွေ မျှပေးပါဦး ဘဒို” လာလုပ်နေမှဖြင့်။
ဒါပေမယ့် ၀မ်းသာမိတာတစ်ခုက အခုနောက်ပိုင်း ကျွန်တော့် Page နဲ့ Account ကို Follow လုပ်သူတွေ ထဲမှာ ကာမမင်းသား တို့၊ ချစ်တင်းနှောချင်သူ အညာသားလေး တို့၊ အိုးကြီးကြိုက်သူ တို့လို Account တွေ ပါပါလာ တာပဲ။ ဒါ တစ်ဖက်ကကြည့်ရင် ကောင်းတဲ့လက္ခဏာပေါ့။ အသိပညာရှာလာကြတဲ့ သဘော။ မေးခွန်းတွေလည်း မေးကြလွန်းလို့ ဖြေရတာ လက်ကိုမလည်ဘူး။ ကျွန်တော်လည်း ကိုယ်တွေ့ တော့ မရှိသေးပေမယ့် စာတွေ့ သဘော ဖြေရတာပေါ့လေ (ဒါကလည်း ထည့်ထည့်ပြောရတယ်၊ ဘာလို့ ဆိုတော့ ဆက်ရေးမှာတွေက အိမ်ထောင် ၇ ဆက်လောက် ကျထားပြီးသူတောင် ဖတ်ပြီးရင် ကိုယ့် ဆရာတင် သွားနိုင်လို့ပါပဲ)။ ဒီတော့ အဲဒီမေးခွန်းတွေ၊ သူတို့လွဲပြီးသိနေတာတွေထဲက တချို့ကို ပြန်ပြီးရှင်းပြလိုပါတယ်။
တကယ်ဆို မြန်မာ့လူမှုအသိုင်းအ၀ိုင်းက တော်တော်လေးကို မပွင့်လင်းတာပါ။ သဘာဝနဲ့ ဆန့်ကျင် တယ်လို့တောင် ပြောချင်ပါတယ်။ ဘာလို့ဆိုတော့ လူတိုင်းမှာရှိတဲ့ လိင်ဆန္ဒကို အသိအမှတ်မပြုဘူး။ ပိတ်ပင်ချင် တယ်။ တသမတ်တည်းပဲ သတ်မှတ်ထားတယ်။ အဲဒီအခါ ဒီနေ့မြင်နေရတဲ့ ဘုရားပေါ်က စုံတွဲတွေ၊ မုဒိမ်းမှုတွေ၊ ခုပြောနေတဲ့ ဒီလိုပြဿနာတွေ ဖြစ်လာရပါတယ်။
အုပ်ထိန်းသူ လူကြီးတွေကလည်း ဒါတွေကို ပေးမသိပါဘူး။ သိကုန်ရင် အတတ်ကောင်းတွေ တတ်ကုန် မှာစိုးလို့တဲ့။ ကျွန်တော်ပြောပါတယ်၊ မသင်ပေးလည်း အတတ်ကောင်းက တတ်ပါတယ်လို့။ အဲဒီလို ဘာမှ ပေးမသိတဲ့အခါ သူတို့သိတာ ကိုယ့်ထက်အရွယ်ကြီးတဲ့လူတွေရဲ့ မြှောက်ပေးတဲ့စကားတွေနဲ့ အပြာစာအုပ်၊ အပြာကားတွေပဲ ရှိပါတယ်။ ဒီတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတော့တာပေါ့။
ဒါကြောင့် ခုဆက်ရေးမှာတွေ မဖတ်ခင် သိစေချင်တာက ကျွန်တော်ဒါတွေရေးမှ အတတ်ကောင်းတွေ တတ်ကုန်မယ် မထင်ပါနဲ့၊ အတတ်ကောင်းတတ်ပြီးသား ညေးတွေကို မဖြစ်သင့်တာ မဖြစ်ရအောင် ရေးတာပါ၊ ဒါတွေ မလုပ်ဘူးဆိုတဲ့လူငယ်ကလည်း ကျွန်တော် ဘယ်လောက်ရေးရေး မလုပ်ပါဘူး ဆိုတာပါပဲ။
ကဲ စပါပြီ။
၁။ သေးသေးလေးပဲလား ကြီးကြီးလား
ကောင်မလေးနဲ့ အတူနေပြီဆိုရင် ညေးတို့ရဲ့ခံစားချက်ကို အစ်ကိုနားလည်တယ်။ ဘာလဲဆိုတော့ ကောင်မလေးကို ကျေနပ်မှုအပြည့်အ၀ ရသွားစေချင်တာပဲ။ အဲဒီမှာ ညေးတို့စိတ်ပူတတ်တာတစ်ခုက ညေး တို့ညီလေးရဲ့ အရွယ်အစား။ ကြီးရင် မိန်းကလေးက ပိုပြီးကျေနပ်မယ်လို့ ထင်နေကြတယ်။ တကယ်တော့ မှားပါတယ်။
ဒီနေရာမှာ အစ်ကိုပြောပြချင်တာက ညေးတို့ကြည့်နေတဲ့ အပြာကားတွေအကြောင်းပဲ။ အဲဒီကား တွေက စိတ်ထွက်ပေါက်တစ်ခုအတွက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုကားတွေက ယောကျာ်းလေးတွေ ကြည့်တာများတာမို့ ယောကျာ်းတစ်ယောက် ကျေနပ်စေလောက်မယ့် အခြေအနေတွေ နဲ့ ရိုက်ထားတယ်။ ပြီးတော့ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ဇာတ်လမ်းအစုံ၊ အခြေအနေအစုံ ရိုက်ပြကြ တယ်။ သူငယ်ချင်းရဲ့အမေနဲ့ ဖြစ်တာ၊ ယောကျာ်းရှိတဲ့သူနဲ့ ဖြစ်တာ၊ ဆရာဝန်နဲ့လူနာပုံစံ၊ ဆရာနဲ့တပည့်ပုံစံ မျိုးစုံရှိပါတယ်။ ဒါတွေကိုကြည့်တိုင်း သိထားရမှာက ဒါတွေဟာ အင်တာတိန်းမန့်ပဲ၊ ဖျော်ဖြေဖို့ရိုက်တာပဲ။ ဒီထဲကအတိုင်း အပြင်မှာ ဖြစ်ချင်လို့မရဘူး။ မဟုတ်ရင် ပြဿနာတွေ ဖြစ်ကုန်မယ်။ အရှက်တွေကွဲကုန်မယ်။ အဲလိုပဲ၊ ဒီအရွယ်အစားဆိုတာက မျိုးရိုးဗီဇနဲ့လည်း ဆိုင်သေးတာမို့ အထဲက သရုပ်ဆောင် အာဖရိကန်တွေ၊ ဥရောပသားတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တာမျိုး မဖြစ်ပါနဲ့။ အဲဒီလိုဖြစ်နေရင် ကြီးဆေးဆို လည်း ၀ယ်လိမ်းမိမယ်၊ ဂျင်းတွေမိမယ်။ ဆေးထိုးရင်း၊ ဂေါ်လီထည့်ရင်းနဲ့ လိင်တံကင်ဆာ ဖြစ်ကုန်တာတွေ လည်း အစ်ကိုတို့ မမြင်ချင်အဆုံးပဲ။
မိန်းကလေးတစ်ယောက်ရဲ့ ပြင်ပလိင်အင်္ဂါကနေအထဲက သားအိမ်ခေါင်းအထိကို မိန်းမကိုယ်လို့ ခေါ်တယ်။ ပျမ်းမျှအားဖြင့် အဲဒါက ၄ လက်မလောက် ရှည်ပါတယ်။ ဆက်ဆံရင် သားအိမ်ခေါင်းက အပေါ်ကို တက်သွားတာမို့ အနည်းငယ်ပိုရှည်သွားပေမယ့် သိပ်ပြီးမကွာခြားပါဘူး။ ဒီတော့ ညေးတို့ရဲ့ ညီလေးက ၅ လက်မလောက်ဆိုရင်ကို လုံလောက်ပြီဖြစ်ပါတယ်။ ယောကျာ်းလေးအများစုမှာ ရှိတဲ့ ပျှမ်းမျှအရွယ်အစား ကလည်း ဒီလောက်ပါပဲ။ ထောင်မတ်ချိန်မှာ ၃ လက်မထက် နည်းနေသူကိုသာ အရွယ်သေးတယ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါကလည်း အင်မတန်ရှားတာမို့ ပုံမှန်အားဖြင့်ဆိုရင် ဘာကြီးဆေးမှ မလိုပါဘူး။ နိုင်ငံတကာမှာ လုပ်ထားတဲ့စစ်တမ်းတွေအရလည်း အမျိုးသမီးတွေရဲ့ ၉၃ ရာခိုင်နှုန်းက “Size doesn’t matter” “အရွယ်အစားက အရေးမကြီးပါဘူး” လို့ ဖြေဆိုထားကြပါတယ်။ ဒါကြောင့်မို့ အပြာကားတွေ၊ အပြာစာအုပ်တွေကို တကယ်မထင်ပါနဲ့ ပြောတာပါ။ အဓိကက မိန်းကလေးဘက်မှာ ပြဿနာရှိနေတာ မဟုတ်ဘဲ ညေးတို့ယောကျာ်းလေးတွေကသာ ကြီးမှပိုကောင်းမယ်ဆိုပြီး တစ်ဖက်သတ် ထင်နေတတ်ကြမျိုး ဖြစ်ပါတယ်။
နိုင်ငံတွေလိုပဲပေါ့၊ ညေးတို့ရာ။ အရွယ်က ကြီး၊ လူဦးရေက များပေမယ့် သုံးမရတဲ့ ကြွေးထူနိုင်ငံတွေ ရှိသလို၊ အရွယ်က သေးသေးလေးပေမယ့် အစွမ်းထက်တဲ့ စင်ကာပူလိုနိုင်ငံတွေလည်း ရှိတာပဲ။
ဒါကြောင့်မို့ အရွယ်အစား ဘယ်လောက်ရှိတယ်ဆိုတာထက် ဒါကို ကိုယ်ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် သုံးမလဲဆိုတာကသာ ပိုအရေးကြီးတယ်ဆိုတာကို ညေးတို့အားလုံး သိထားစေချင်ပါတယ်။
မှတ်ထားပါ။ အချစ်စစ်နဲ့ချစ်တဲ့ ချစ်သူနှစ်ယောက်အတွက် အဝေးအနီးက အရေးမကြီးသလို၊ နှစ်ဦး လုံး ကျေနပ်ရတဲ့ ဆက်ဆံမှုတစ်ခုအတွက်လည်း အသေးအကြီးက ပြဿနာမဟုတ်ပါဘူး။

ဒေါက်တာ ဖြိုးသီဟ

 

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment