သားအိမ်တွင်းထည့်ပစ္စည်းနှင့် ပတ်သက်သော အယူအဆမှား ၅ ခု








 

၁။ နှစ်ရှည်ခံပစ္စည်းတွေက နှစ်ပြည့်သွားမှ ပြန်ထုတ်လို့ ရမှာပေါ့
ဒီပစ္စည်းတွေက (၅)နှစ်ခံမို့လို့ (၁၀)နှစ်ခံမို့လို့ နှစ်ပြည့်တဲ့အထိ ထားရမယ်လို့ ဘယ်သူကမှ မသတ်မှတ် ထားပါဘူး၊ ကိုယ် ကလေးလိုချင်လာပြီဆိုတဲ့အခါ၊ အဆင်မပြေဘူးဆိုတဲ့အခါ၊ ဒီထက် ပိုကောင်းတဲ့နည်းလမ်း တွေ ပေါ်လာလို့များ ပြောင်းလဲသုံးကြည့်ချင်တဲ့အခါမျိုးတွေမှာ ပြန်ထုတ်လို့ ရပါတယ်။ တစ်ခုပါပဲ၊ ဘာမဟုတ် တဲ့ အကြောင်းပြချက်လေးနဲ့ ပြန်မထုတ်စေချင်တာပါ၊ ဥပမာ လက်မောင်းထဲ ပစ္စည်းထည့်ထားတယ်၊ ၀လာ တယ်၊ အဲ့ဒါနဲ့ ပြန်ထုတ်ချင်တယ်၊ ဟုတ်ပြီ၊ ထုတ်ပြီးရင် ဘာပြန်သုံးမှာလဲမေးတော့ ထုတ်ပြီးရင် (၃)လခံဆေး ပြန်ထိုးမယ်တဲ့၊ (၃)လခံဆေး ထိုးလည်း ၀တတ်တာပဲလေ၊ နောက်ပြီး ကလေးထပ်မယူတော့ပါဘူး ဆိုတဲ့ သူအတွက် ကာလတိုနည်းလမ်းတွေက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ပြန်ထုတ်တာက လွယ်ပါတယ်၊ ထုတ်ပြီးရင် ဘာပြန်သုံးမှာလဲ ဆိုတာကိုပါ တစ်ခါတည်း စဉ်းစားစေချင်တာပါ၊ မ၀တတ်တဲ့ သားအိမ်ထဲ ပစ္စည်းထည့်တဲ့နည်းကို ပြောင်းသုံးမယ်ဆို ကိစ္စမရှိပေမဲ့ ရေရှည်စွဲသုံးသွားလို့ အဆင်မပြေတဲ့ ကာလတို နည်းလမ်းတွေကိုတော့ ပြန်အသုံးပြုမယ်ဆိုရင်တော့ ဒီအမျိုးသမီးအတွက် ဒီပစ္စည်းလေးကို ဆက်ထားလိုက် တာကမှ ပိုကောင်းနေပါဦးမယ်။ ကျန်းမာရေးဝန်ထမ်းတွေဘက်တော့ အကောင်းဆုံးဖြစ်နိုင်တာကိုသာ ဆွေးနွေးပေးရုံပါ၊ အဲ့ဒီအမျိုးသမီးကိုယ်တိုင်ပဲ အဓိက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းနဲ့ပတ်သက် လို့ ဖြေရရင်တော့ ဘယ်အကြောင်းပြချက်နဲ့မဆို ဒီပစ္စည်းကို အချိန်မရွေး ပြန်ထုတ်လို့ ရတယ်ဆိုတာပါပဲ။
၂။ သားအိမ်ထဲပစ္စည်းထည့်ရင် ကင်ဆာဖြစ်တတ်သတဲ့
မိန်းမကိုယ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥပြွန်ကင်ဆာ စသဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွါးအင်္ဂါအစိတ်အပိုင်းတွေမှာ ဖြစ်တတ်တဲ့ကင်ဆာတွေ ရှိပါတယ်။ ဒီပစ္စည်းနဲ့ ဒီကင်ဆာတွေ ဘယ်လိုဆက်စပ်သလဲပြောရရင်တော့ ဒီပစ္စည်းထည့်လို့ ကင်ဆာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီလိုပဲ ကင်ဆာကိုလည်း မဖြစ်အောင် မကာကွယ်ပေးပါဘူး၊ ပစ္စည်းသည် ကိုယ်ဝန်ပဲ တားပေးမယ်၊ ကင်ဆာက ကင်ဆာသက်သက်ပါပဲ၊ ကာလည်းမကာကွယ်ပေးဘူး၊ ဖြစ်လည်းမဖြစ်စေပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ဘယ်အမျိုးသမီးမှ ကိုယ့်သားအိမ်ခေါင်းကိုယ် စစ်ဆေးမနေနိုင်ဘူးလေ၊ မူမမှန်သွေးဆင်းလို့ အဖြူတွေဆင်းလို့ စသဖြင့် အကြောင်းတခုခု ပေါ်လာမှသာ ဆရာဝန်ဆီပြရင်း စစ်ဆေးဖြစ်ကြတာပါ။ ဒါပေမဲ့ ဒီပစ္စည်းလေး ထည့်ရင်းနဲ့တော့ ကိုယ့်သားအိမ်ခေါင်းမှာ အနာရှိမရှိ စစ်ဆေးပြီးသားဖြစ်သွားတဲ့အတွက် ကင်ဆာရယ်လို့ ဖြစ်နေရင်တောင် စောစောစီးစီး သိသွားနိုင်ပါသေးတယ်။ ဒါကြောင့် ပြောရရင် ပစ္စည်းထည့်လို့ ကင်ဆာ မဖြစ်စေတဲ့အပြင် တစ်ခါတည်းစစ်ဆေးပြီးသားတောင် ဖြစ်သွားစေတဲ့အတွက် ကာကွယ်ရာ ရောက်တယ်လို့ တောင် ပြောလို့ရပါတယ်။
၃။ ပစ္စည်းထည့်ပြီးကတည်းက ဇက်ကြောတွေတက်တယ်၊ ခေါင်းတွေကိုက်တယ်၊ ခြေထောက်တွေလေးလာတယ်
စဉ်းစားကြည့်ရအောင်၊ ဆေးကတ်စားတယ်၊ ဆေးသောက်လိုက်တာက ပါးစပ်က၊ အာနိသင်သွားပြတာ က သားအိမ်၊ နောက်တစ်ခု ထိုးဆေး၊ ထိုးလိုက်တာက တင်ပါးမှာ၊ အာနိသင်သွားပြတာက သားအိမ်မှာ၊ ထည့်လိုက်တာက လက်မောင်းမှာ၊ သူ့အာနိသင်က သားအိမ်ကို သွားပြတယ်၊ ဆိုလိုတာက ဒီစားဆေးတွေ၊ ထိုးဆေးတွေ၊ လက်မောင်းထဲပစ္စည်းထည့်တာတွေရဲ့ အာနိသင်က တစ်ကိုယ်လုံးကို သွားပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေ သုံးရင် ခေါင်းမူးတယ်၊ ၀လာတယ်၊ ဒါတွေဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီသားအိမ်ထဲထည့်တဲ့ ပစ္စည်းကတော့ သူရဲ့ နာမည်အတိုင်းပါပဲ၊ ဒီပစ္စည်းလေးကို သားအိမ်ထဲမှာပဲ ထည့်ထားပေးပါတယ်၊ သူ့ဟာသူ သားအိမ်ထဲမှာပဲနေပြီး သားအိမ်ထဲမှာပဲ အလုပ်လုပ်ပါတယ်၊ သူ့ရဲ့အာနိသင်က ဘယ်ကိုမှ ပျံ့နှံ့သွားတယ် ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီပစ္စည်းထည့်ပြီးကတည်းက ဇက်ကြောတက်တယ်၊ ခေါင်းတွေကိုက်တယ်၊ ခြေထောက်တွေလေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေဘာကြောင့်ဖြစ်လာရတာလဲ ဆိုတော့ အဓိကက စိတ်ကြောင့်ပါ။ အမျိုးသမီးတစ်ယောက်က ဒီပစ္စည်းကို ထည့်သွားတယ်၊ လက်မောင်းထဲ ထည့်ထားတာလို မျက်စိနဲ့မြင်မနေရဘူး၊ အချိန်တိုင်းလည်း စမ်းကြည့်မနေနိုင်ဘူး၊ အဲ့ဒါအပြင် ဒီပစ္စည်းထည့်ရင် ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တယ်နဲ့ သတင်းတွေကလည်း မျိုးစုံကြားနေရတယ်၊ အဲ့ဒီအခါမှာ ဒီအမျိုးသမီး တွေက စိတ်တွေပူလာပြီးတော့ ကိုယ့်ကိုကိုယ်အရိပ်ကြည့်နေတယ်။ ဒီပစ္စည်းထည့်ပြီးကတည်းက ငါတော့ ဘာဖြစ်လာပြီ၊ ဘယ်နေရာက နာလာပြီ၊ ဘယ်အပိုင်းကတော့ဖြင့် ကိုက်လာပြီ စသဖြင့် ထင်လာတတ်ကြ ပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးနဲ့ ပတ်သက်ပြီး ပြောပြချင်တာက ဒီသားအိမ်ထဲကို ပစ္စည်းထည့်ပြီး ကိုယ်ဝန် တားတဲ့နည်းလမ်းဟာ အမျိုးသမီးတွေ တော်တော်လေး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့နည်းတစ်ခုပါ၊ ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တဲ့အတွက် သူ့မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပါတယ်၊ အဲ့ဒါတွေကလွဲရင်တော့ ခုကင်ဆာဖြစ်တတ်တယ်ဆိုပြီး ထင်နေကြသလို ဆိုးဆိုးရွားရွား ဘာမှမဖြစ်နိုင်တဲ့ အတွက် စိတ်ချလက်ချ အသုံးပြုလို့ရနိုင်တယ်၊ တွေးပြီးကြောက်နေစရာမလိုဘူး ဆိုတာလေးကို အမျိုးသမီးတွေ အားလုံး သိထားစေချင်ပါတယ်။
၎။ သားအိမ်ထဲပစ္စည်းထည့်ြ့ပီး ကိုယ်ဝန်ရသွားတယ်၊ ပစ္စည်းနဲ့ ကလေးနဲ့ တွဲမွေးလာတယ်
သားအိမ်ထဲထည့်တဲ့ပစ္စည်းကလည်း အထက်က ပြောခဲ့သလို ကာလရှည်နည်းလမ်းတစ်ခု ဖြစ်ပါတယ်၊ နှစ်ကာလအားဖြင့် ၁၀နှစ်ခံပါတယ်၊ ဈေးလည်းသက်သာပါတယ်၊ နောက်ပြီး တစ်လတစ်ခါ ရာသီပေါ်ပါတယ်၊ ခေါင်းမူးတာ၊ ၀လာတာ၊ ဒီလိုမျိုး ဟော်မုန်းကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိပါဘူး။ ကလေး လိုချင်ပြီဆိုလည်း ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ကိုယ်ဝန်ကို ကာလရှည်ကြာ တားထားချင်တယ်၊ ရာသီလည်း တစ်လတစ်ခါ မှန်မှန်ပေါ်ချင်တယ်၊ ငွေကုန်ကြေးကျလည်း သက်သာချင်ပါ တယ်ဆိုတဲ့ အမျိုးသမီးတွေ သုံးတတ်ကြတဲ့ နည်းတစ်ခုပါ။
လက်မောင်းထဲကိုပဲဖြစ်ဖြစ် သားအိမ်ထဲကိုပဲဖြစ်ဖြစ် ပစ္စည်းထည့်ချင်တဲ့ အမျိုးသမီးဟာ ကိုယ်ဝန် မရှိတာ သေချာဖို့လိုပါတယ်။ အဲ့ဒီအခါ တော်တော်များများ ပြောကြတာက ဆီးစစ်လိုက်ရင် မရဘူးလား ဆိုတာပါပဲ။ မရပါဘူး၊ ဘာလို့ဆိုတော့ ဆီးထဲမှာ ကိုယ်ဝန်ရှိတယ်ဆိုပြီး နှစ်ကြောင်းပေါ်ဖို့ဆိုတာ ကိုယ်ဝန်(၁) လမှ စပေါ်တာပါ။ လွန်ခဲတဲ့အပတ်က ယောကျာ်းနဲ့မိန်းမ အတူနေထားတယ်၊ ဒီနေ့ဆီးစစ်ကြည့်၊ တစ်ကြောင်း တည်း ပြလိမ့်မယ်၊ အဲ့ဒါ ကိုယ်ဝန်မရှိတာ မဟုတ်ဘူး၊ မပေါ်သေးတာ၊ အဲ့တော့ ဒါလေးစစ်ကြည့်ပြီး တစ်ကြောင်းတည်း ပေါ်တယ်ဆိုတိုင်း ကိုယ်ဝန်မရှိပါဘူးလို့ ယတိပြတ် ပြောလို့မရဘူး။ ဒီတော့ ဘယ်လို လုပ်ရင် ကိုယ်ဝန်ရှိမရှိ သေချာနိုင်မလဲလို့မေးရင် အခုပြောမဲ့ အချက်(၆)ချက်ထဲက တစ်ခုခုနဲ့ အဆင်ပြေ တယ်ဆို ကိုယ်ဝန်မရှိတာ သေချာတယ်လို့ သတ်မှတ်ပါတယ်။ ဘာတွေလဲဆိုရင်
(၁) ကလေးမွေးပြီး (၂၈) ရက်အတွင်း
(၂) ကလေးမွေးထားတာ (၆)လမပြည့်သေးဘူး၊ ရာသီကလည်း ပြန်မပေါ်သေးဘူး၊ မိခင်နို့ကလည်း တိုက်နေရမယ် (၃ချက်လုံးနဲ့ ပြည့်စုံဖို့လိုပါတယ်)
(၃) ကလေးပျက်ကျပြီး (၇)ရက်အတွင်း
(၄) ရာသီစပေါ်ပြီး (၇)ရက်အတွင်း (ရာသီစပေါ်တဲ့ရက်ကနေ တွက်ပါတယ်၊ ပြီးသွားတဲ့ရက်ကနေ မတွက်ပါဘူး၊ နောက်ပြီး ရာသီဆိုတဲ့နေရာမှာ တစ်လတစ်ခါ ပုံမှန်သွေးဆင်းတာမျိုးကိုမှ ရာသီပေါ်တယ်လို့ သတ်မှတ်ပါတယ်၊ တစ်လတည်း (၂)ခါလောက်လာနေတာမျိုးကို ငါတော့ ရာသီပေါ်နေတာပဲ ကိုယ်ဝန်မရှိပါဘူးလို့ သတ်မှတ်လို့ မရပါဘူး)
(၅) ရာသီပေါ်တာတော့ (၇)ရက်ကျော်သွားပြီ၊ ဒါပေမဲ့ ယောကျာ်းနဲ့လုံးဝအတူမနေရသေးဘူးဆိုရင်
(၆) စိတ်ချရတဲ့ ကိုယ်ဝန်တားနည်းတခုခုကို တောက်လျှောက်နဲ့ မှန်မှန်ကန်ကနု အသုံးပြုထားမယ်ဆိုရင် (ဥပမာ ဆေးကဒ်စားထားတယ်ဆိုရုံနဲ့ မရပါဘူး၊ သောက်ပုံသောက်နည်း မှန်ကန်ဖို့လိုသလို၊ ပစ္စည်းထည့်မဲ့ နေ့အထိ သောက်နေဖို့လည်း လိုပါသေးတယ်)
ဒီအချက်(၆)ချက်ထဲက တစ်ချက်ချက်နဲ့ အဆင်ပြေမယ်ဆိုရင် ဒီအမျိုးသမီးဟာ ကိုယ်ဝန်မရှိတာ သေချာတယ်လို့ သတ်မှတ်ပြီး ပစ္စည်းထည့်ပေးပါတယ်။ ဒီနေရာမှာ သတိထားသင့်တာတစ်ခုကတော့ တချို့အမျိုးသမီးတွေက တစ်ခါတည်းထည့်သွားလိုက်ချင်တဲ့စိတ်နဲ့ ကျွန်တော်တို့မေးခွန်းတွေ မေးတဲ့အခါ ပြီးပြီးရော ဖြေသွားတတ်ကြပါတယ်။ ရာသီဘယ်နေ့က ပြီးသွားလဲဆိုရင် ဒီနေ့မှ စတာ၊ ယောကျာ်းအနားမှာ မရှိတာ (၂)လလောက်ရှိပြီ၊ ကိုယ့်ဟာကိုယ် စိတ်ချတယ် ၊ စသဖြင့် ပြောတတ်ကြတယ်။ အဲ့ဒီလို မသေချာဘဲ ထည့်သွားတဲ့အခါ သားအိမ်မှာ ပစ္စည်းထည့်ပြီးမှ ကိုယ်ဝန်ရတယ်ဆိုတာမျိုး၊ ကလေးမွေးတော့ ပစ္စည်းနဲ့ ကလေးနဲ့ တွဲမွေးလာတယ်ဆိုတာမျိုးတွေ ဖြစ်လာတာပါ။ နောက်ပြီး ရာနှုန်းပြည့်စိတ်ချရတယ်ဆိုတဲ့ ကိုယ်ဝန်တားနည်းရယ်လို့ မရှိပါဘူး၊ သေသေချာချာ အသုံးပြုနေတဲ့ကြားက ကိုယ်ဝန်ရသွားမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ လူတစ်ထောင်မှာမှ (၅)ယောက်လောက်သာ ဖြစ်တတ်တဲ့အတွက် စိတ်ပူနေစရာ မလိုဘဲ စိတ်ချလက်ချ အသုံးပြုသွားလို့ ရပါတယ်။ အဓိကကတော့ ပစ္စည်းမထည့်ခင်မှာ ခုနကပြောတဲ့ အချက်တွေထဲက တခုခုနဲ့ ကိုက်ညီနေဖို့ လိုပါတယ်။
၅။ လိင်ဆက်ဆံတဲ့အခါမှာ အနှောင့်အယှက်ဖြစ်တယ်
ဒါကလည်း မဟုတ်ပါဘူး။ ထည့်ပြီးသွားပြီဆိုတာနဲ့ သားအိမ်ခေါင်းအပြင်မှာ ထုတ်ထားတဲ့ ကြိုးစလေး က ပျော့ပျော့လေးဖြစ်သွားတာပါ။ တစ်ခါတစ်ခါ ကြိုးစဖြတ်လိုက်တာ ဖြစ်သင့်တာထက် တိုနေတဲ့အခါမျိုးတွေ မှာသာ ဖြစ်တတ်ပြီး အဲ့လိုဆိုလည်း ဆေးခန်းပြန်ပြကြည့်လို့ ရနိုင်ပါတယ်။ ဒါကိုထည့်လိုက်လို့ ကိုယ့်ရဲ့ အိမ်ထောင်မှုဘ၀မှာ ဘာအနှောင့်အယှက်မှ မဖြစ်စေပါဘူး။

ဒေါက်တာ ဖြိုးသီဟ

 

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment