ပညာရေးကနေရာတိုင်းအတွက် အရေးကြီးပါတယ်လို့ဆိုတဲ့ ပက်ထရစ်ရှာ




အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပုံကို ပြောပါ ဦး။
အဲဒါက ၂၀၁၁ ကုန်ခါနီးတုန်းက ပထမခြေလှမ်း Fashion Image မှာ Cover ရိုက်ပြီးတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။

အနုပညာလောကထဲကို ဘယ်အပိုင်းကနေ စတင်ဝင်ရောက်ခဲ့တာလဲ။ သရုပ်ဆောင်လား၊
Model ပိုင်းကပဲ စတင်ဝင်ခဲ့တာပါ။ Model တောင်မှ အရင်တုန်းကဆို လုပ်ရမှာအရမ်းရှက်တယ်။

အနုပညာကို ဘယ်အချိန်လောက်ကစပြီး ၀ါသနာပါခဲ့တာလဲ။
ဝါသနာပါတာကတော့ ငယ်ငယ်တုန်းကဆို ရုပ်ရှင်ကားတစ်ကားကြည့်ရင် အဲဒီကားထဲက အတိုင်း လိုက်လုပ်တယ်။ လူတွေအရှေ့မှာတော့ မလုပ်ရဲဘူး။ ပြီးတော့မှ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြန်လုပ်တာတို့၊ ကြော်ငြာတွေကြည့်ပြီး လုပ်တာတို့၊ Photo Model တွေဆို ငယ်ငယ်ကတည်းက ကြိုက်တာ။ ဓာတ်ပုံရိုက်ပြီဆိုရင် အရမ်းပို့စ်ပေးတတ်တာ။ ဒါပေမယ့် ၀ါသနာပါမှန်းမသိဘူး။ တကယ်လုပ်တော့မှ ကိုယ် ဘယ်လောက်ဝါသနာပါတယ်ဆိုတာ တဖြည်းဖြည်းချင်းသိလာရတယ်။

စစချင်းတုန်းက ကင်မရာ ကြောက်တာဖြစ်လား။ ဖြစ်တယ်။ စလုပ်တုန်းက သင်တန်းလည်းမတက်တော့ ကိုယ့်ကိုယ်ကိုယ် Train လုပ်ထားတာမျိုး မရှိဘူး။ ပထမဦးဆုံး Strdio မှာ သွားရိုက်တုန်းက ကြောက်တယ်။ အဲဒီတုန်းကဆို အရမ်းကြောက်တယ်။ ရှက်လည်း ရှက်တယ်။ ဓာတ်ပုံဆရာကိုလည်း ပြန်ရှက်တယ်။ ပြီးတော့ ကိုယ့်ကိုဆူမှာလည်း ကြောက်တယ်။ အခုကျတော့လည်း လုပ်ရင်းနဲ့အဆင်ပြေသွားပါပြီ။

Agency တွေနဲ့ရော တွဲမလုပ်ဘူးလား။
မလုပ်ဘူး။ ညီမက Agency ကိုမရှိတာ။ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် လွတ်လွတ် ကျွတ်ကျွတ်ပဲလုပ်တယ်။

စစချင်း Cover ရိုက်တယ်ဆိုတော့ ဘယ်လိုကနေဘယ်လို ရိုက်ဖြစ်သွားတာလဲ။
အဲဒါက ညီမနဲ့အရမ်းခင်တဲ့ အန်တီတစ်ယောက်ရှိတယ်။ အဲဒီ အန်တီကညီမကိုချစ်လို့ ညီမပုံလေး တွေယူထားတယ်။ ပြီးတော့ ကြော်ငြာတွေလုပ်တဲ့ အစ်ကိုတစ်ယောက်က ညီမဓာတ်ပုံကိုတွေ့သွားပြီးတော့ အပြင်မှာတွေ့ဖြစ်ပြီး အနုပညာအကြောင်းတွေပြောဖြစ်တယ်။ Fashion Image Cover အထိကို ရောက်သွား တယ်ပေါ့။

စစချင်း ပရိသတ်သတိထားမိတာက ကိုနေတိုးနဲ့ အင်္ကျီကြော်ငြာလေးထင်တယ်၊ ဟုတ်လား။

ဟုတ်တယ်။ အဲဒါက ကြော်ငြာမှာသရုပ်ဆောင်တာ ပထမဆုံး အကြိမ်၊ ပထမဦးဆုံး ကြော်ငြာပါပဲ။ အဲဒီတုန်းကလည်း နည်းနည်းတော့ ရှက်တယ်။ ယောက်ျားလေးနဲ့ ရိုက်ရတာလည်း ပထမဦးဆုံးဆိုတော့။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်။

အနုပညာအလုပ်ကို စလုပ်ခဲ့တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုယုံကြည်ချက်လေးတွေ မွေးခဲ့လဲ။
အဲဒါကျတော့ ညီမကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့မရှိခဲ့ဘူး။ အမေကဘေးနားကနေ ကိုယ့်ကိုယ် ကိုယ် ယုံကြည်တတ်အောင်၊ ကြောက်တဲ့စိတ်မရှိအောင် အမြဲတမ်း Train လုပ်ပေးတယ်။ အမေက အမြဲတမ်း အားပေးတယ်။ အခုအချိန်ထိ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူး။ တစ်နေရာရာ သွားလိုက်ပြီ ဆိုရင်လည်း ကြောက်တဲ့စိတ်ရှိတယ်။ ဒါပေမယ့် အမေက Train ပေးတဲ့အတွက်ကြောင့် နည်းနည်းတော့ နေတတ်လာပါပြီ။

ကိုယ်က အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဆိုတော့ အရင်လူငယ်တစ်ယောက်ဘ၀နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်မှုတွေဆုံးရှုံးသွားတယ်လို့ ထင်လား။

ကိုယ့်ကိုဘယ်သူမှလည်း ဂရုမစိုက်ဘူး။ မကောင်းမြင်တဲ့ လူလည်းမရှိဘူး။ အခုဆိုရင် ကိုယ်ပြောလိုက် တဲ့ စကားကနည်းနည်းလေး လိုသွားတာတို့၊ ပရိသတ်မကြိုက်တာတို့ဆိုရင် ၀ိုင်းပြောမယ့်လူတွေက အမြဲတမ်း အဆင့်သင့်ရှိတော့ အဲဒီမှာ အဆင်မပြေဘူး။ အမျိုးစုံပြောတဲ့ စကားသံတွေကြားရတော့ စိတ်ထဲမှာ Psycho ၀င် တာပေါ့။ အပြင်တွေ ဘာတွေသွားတယ်ဆိုရင်လည်း သာမန်၊ ကလေးတုန်းကလိုမျိုး သွားလို့မရဘူး။ အခုချိန်ထိ ညီမကကိုယ့်ကိုယ်ကိုယ် Celebrity တစ်ယောက်လို့ မခံယူထားဘူး။ ကိုယ်သွားချင်ရင် သွားလိုက်တယ်။ ဘယ်နေရာပဲဖြစ်ဖြစ်။ အခုချိန်ထိ သူငယ်ချင်းတွေနဲ့သွားတယ်။ ကျောင်းသူတစ်ယောက်ပဲ ဆိုတော့ လွတ်လွတ် လပ်လပ်သွားတယ်။ ဒါပေမယ့် လူတွေက ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး ''သူ့ကိုတော့ ဘယ်မှာတွေ့ တယ်''ဆိုပြီး ဂရုအရမ်းစိုက်ကြတယ်။ နောက်ဆုံး ကိုယ့်သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ရုံသွားတာ၊ ကိုယ့်ရည်းစားနဲ့ ရုပ်ရှင်ရုံသွားတာကအစ Facebook ပေါ် ကောက်တင်တာတွေ၊ အဲဒီလိုမျိုး နာမည်ကြီး တွေတပ်ပြီး အပြော ခံရတာတွေရှိတယ်။ ကိုယ်ဘယ်ကိုသွားသွား မလွတ်လပ်ဘူး။


Celebrity တစ်ယောက်ဖြစ်တဲ့ ကိုယ်က အပြင်သွားတယ်။ အဲဒီမှာ ကိုယ့်ကို၊ အရမ်းချစ်တဲ့ ပရိသတ်တွေက လာ နှုတ်ဆက်တဲ့အထဲမှာ အခုထိ မှတ်မိနေတာတွေရှိလား။
တစ်ယောက်တည်းချည်းတော့ မှတ်မိတာမရှိဘူး။ တစ်ခါတော့ ညီမတို့လိုအရွယ်လေးတွေပဲ။ ကျောင်းသားအဖွဲ့လိုက် လက်မှတ်ဝိုင်းထိုးခိုင်းကြတယ်။ ဓာတ်ပုံတွေ ၀ိုင်းရိုက်ထားကြတယ်။ အမှတ်တရပေါ့။ အဲဒီတုန်းက အရမ်းပျော်တယ်။ အဲဒါကတော့ အမှတ်တရပါပဲ။

အနုပညာလောကထဲ စ၀င်ခဲ့တဲ့အချိန်နဲ့ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောင်းလဲလာပြီလို့ထင်လဲ။

ပိုရင့်ကျက်လာတယ်။ အရင်တုန်းကဆို သိပ်မရင့်ကျက်သေးဘူး။ ဘာပဲဖြစ်ဖြစ် ခံစားလွယ်တယ်။ အခုကျတော့ အတိုက်အခိုက်တွေကြုံရတာများလာတဲ့အခါကျတော့ အမေကလည်းဘေးနားက အားပေးတယ်။ အခုဆိုရင် အရင်တုန်းကလို မဟုတ်တော့ဘူး။ နာမည်ဖျက်မယ့်လူရှိသလို ကိုယ့်ဘက်ကနေအားပေးမယ့် ပရိသတ်တွေကများလာတဲ့အခါကျတော့ ဘာပဲပြောပြော ဖြေသိမ့်နိုင်တယ်။ ခေါင်းထဲမှာ သိပ်မထားတော့ဘူး။ အချိန်တန်ရင်ပြီးသွားမှာပဲဆိုတာကို သိနေတယ်။ တကယ်လည်း အချိန်တန်ရင်ပြီးသွားတဲ့ကိစ္စတွေ ဆိုတော့လေ။

ပရိသတ်တွေကို အပြင်မှာ ဆုံရသလို တိုက်ရိုက်ထိတွေ့တဲ့အခါမှာ ဘယ်လိုခံစားရလဲ။
ပျော်တယ်။ ကိုယ့်ပရိသတ်တွေနဲ့တွေ့တဲ့အခါမှာ ရင်ခုန်တယ်။ အုပ်စုလိုက်ကြီးဝိုင်းလာပြီဆိုရင် ရင်တွေ အရမ်းခုန်တယ်။ ခြေတွေ၊ လက်တွေတောင် တုန်တယ်။ တိုက်ရိုက်တွေ့ရတဲ့အခါကျတော့ အရမ်းပျော်ပါတယ်။

Show ရောလျှောက်ဖြစ်လား။
Show ကျတော့ သိပ်မလျှောက်ဘူး။ ကြောက်တယ်။ ညီမက ငယ်ငယ်လေးကတည်းက စင်ကြောက် တတ်တယ်။ တချို့အားနာစရာလူတွေလောက်ပဲ လျှောက်ပေးတယ်။ အရမ်းမလျှောက်ရဲဘူး။ ပြီးတော့ Miss ၀င်ပြိုင်ဖို့ ပြောကြတယ်။ Miss Universe ၀င်ပြိုင်ပါလား။ Bote လုပ်ပေးမယ်တဲ့။ ဒါပေမဲ့ ညီမကိုက စင် ကြောက်တာ။ ဒီအတိုင်းကြီး ရိုးရိုးတစ်လှမ်း၊ နှစ်လှမ်းလောက်လျှောက်တာကို ကြောက်တာ။ Miss သွားပြိုင်ရပြီ ဆိုရင် ညီမသေမှာပဲ။ ပြိုင်ပွဲကြီးဆိုရင်တော့ တော်တော်ကြောက်မှာ။ ကိုယ့်အကြောင်း ကိုယ်သိလို့ မပြိုင်ဘူး။


ပရိသတ်တွေ အပြင်မှာတွေ့ရတာနဲ့ စင်ပေါ်မှာရှေ့မှာ ပရိသတ်တွေအများကြီး ၀ိုင်းကြည့်နေကြတာ ဘာကွာသွား မလဲ။
အဲဒါကျတော့လည်း စင်ပေါ်မှာဆိုတော့ ကိုယ်ကလည်းကြောက်တတ်တဲ့စိတ်ရှိတော့ စင်ပေါ်မှာဆို ပိုကြောက်မှာ။ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘူး။ စင်ပေါ်မှာ လမ်းလျှောက်ရင် တည့်တည့်ပဲကြည့်သွားတာ။ ဘယ်သူ့ကိုမှ မမြင်တော့ ဘာမှမဖြစ်ဘူး။ ကြည့်နေမှန်းတော့ သိတယ်။ ဒါပေမယ့် သူတို့ကို ကြည့်လိုက်ရင် ကြောက်တဲ့စိတ်က ပိုဖြစ်တယ်။ ရှက်တဲ့စိတ်တွေဖြစ်သွားတော့ ခလုတ်တိုက်တာတို့၊ အမှားမှား အယွင်းယွင်း တစ်ခုခုဖြစ်တတ်တယ်။ အဲဒါကြောင့ှ့်သတ လျှောက်ရင်တော့ ဘယ်ကိုမှမကြည့်တာများတယ်။

အနုပညာလောကထဲကို စ၀င်တုန်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံစံမျိုးလေးလို့ထင်လဲ။
စစချင်းတုန်းက ဆံပင်ရှေ့အတိလေးနဲ့၊ အဲဒီတုန်းက ၀တ်ရင်လည်း ကလေးလေးလိုပဲ။ Cute လေး ပေါ့။ ဒါပေမယ့် အမြဲတမ်း အဲဒီလိုကလေးပုံကြီးကျတော့လည်း လူကြီးလူငယ်အကုန် မကြိုက်သလိုပဲ။ အဲဒါ ကြောင့် လူကြီးပုံ နည်းနည်းဖမ်းလာရတာပေါ့။


ညီမရဲ့ မျက်လုံးအကြည့်က တော်တော်ဆွဲဆောင်မှုရှိတယ်။ အဲဒီလို အကြည့်မျိုးရဖို့ လေ့ကျင့်ခဲ့ရတာတွေရှိလား။
သူများတွေပြောတာတော့ ဖယောင်းတိုင်ကြည့်ရတယ်တဲ့။ ဒါပေမယ့် ညီမကတော့ တစ်ခါမှမကြည့်ဖူး ဘူး။ ညီမက ဓာတ်ပုံရိုက်ရင် သူ့အလိုလိုဖြစ်သွားတာ။ အပြင်မှာနေရင် ဒီလိုမဟုတ်ဘူး။ ဓာတ်ပုံရိုက်ပြီဆိုတာနဲ့ ဖြစ်သွားတာ။

ဓာတ်ပုံရိုက်ရတာရော ၀ါ သနာပါလား။
ဝါသနာပါပါတယ်။

တစ်ခုခုကြောင့် စိတ်ဖိစီးတာရှိရင် ဘယ်နေရာကိုသွားချင်လဲ။
စိတ်ကျဉ်းကျပ်တာ ဖြစ်ဖူးတယ်။ အရမ်းစိတ်တွေရှုပ်လာတဲ့အခါကျရင် ဘယ်သူမှမသိတဲ့ အဝေးကြီး တစ်နေရာကို ထွက်သွားချင်တယ်။ ကိုယ့်ကိုသိတဲ့ လူဘယ်သူမှမရှိတဲ့နေရာကို ထွက်သွားချင်တယ်။


စိတ်ဖိစီးမှုတွေကိုရော ဘယ်လိုဖြေဖျောက်ပစ်မလဲ။
ကိုယ့်သူငယ်ချင်းတွေနဲ့ သွားချင်တဲ့နေရာ လျှောက်သွားဖြစ်တယ်။ ဒီစိတ်ညစ်စရာတွေကို အချိန်ကပဲ ကုစားသွားမှာ။ ပြီးသွားတော့လည်း ဘာမှမဟုတ်ဘူး။ တကယ်လည်း သူ့ဘာသာသူ အချိန်တန်ရင် ပြီးသွားတဲ့ ကိစ္စတွေပဲ။

အရင်ကနေအခုထိ နှစ်သက်အားကျခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ကို ပြောပေးပါ။
ကြိုက်တာကတော့ တော်တော်များများကြိုက်တယ်။ တချို့က သရုပ်ဆောင်ပိုင်း၊ တချို့က Fashion ပိုင်း ကြိုက်တာတွေရှိတယ်။ မဖွေးဖွေးဆိုရင် အခု သူလုပ်နေတဲ့ အနုပညာသက်တမ်းနဲ့ အကယ်ဒမီဆုကြီးရ သွားတာ အရမ်းကို ဂုဏ်ယူစရာကောင်းပါတယ်။ သူ့ကားတွေကြည့်ရင်လည်း မရှက် မကြောက်ကို သရုပ် ဆောင်နိုင်တယ်။ Fashion ကိုလည်း သူကအသစ်အသစ်တွေ ထွင်တယ်။ လူငယ်ပရိသတ်တွေလည်း ပိုပိုပြီးများလာတယ်။ ပရိသတ်တွေ သဘောကျအောင်လို့ သူဘက်က ကြိုးစားတယ်။ သရုပ်ဆောင်တာလည်း အရမ်းကိုကောင်းလာတယ်။

ကိုယ်ကရော သူများနဲ့မတူဘဲ ကိုယ်စိတ်ကူးထားတဲ့ ဘယ်လိုအနုပညာမျိုး ပရိသတ်ကိုချပြချင်လဲ။
ညီမရိုက်နေကျပုံစံမဟုတ်တာလေး ရိုက်ဖို့ရှိတယ်။ အဲဒီလိုတော့ ပရိသတ်ကိုထုတ်ပြချင်တယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှု ဘယ်လိုနေမလဲပေါ့။ တစ်ခါတလေကျတော့လည်း အပြောင်းအလဲလေးဖြစ်အောင် ပေါ့။

သရုပ်ဆောင်တဲ့အခါမှာ ကိုယ့်ဘက်က Character ရွေးပြီး ရိုက်တာရှိလား။
ရှိပါတယ်။ ရွေးတယ်။ ဘာလို့လဲဆိုတော့ ညီမအသက်အရွယ်နဲ့မလိုက်တဲ့ Character မျိုး၊ ညီမ သရုပ်မဆောင်နိုင်သေးတဲ့ Character မျိုး၊ ညီမ နေရာမရဘူးဆိုရင်တော့ မရိုက်ဘူး။ ရှောင်ပါတယ်။

လက်ရှိမှာ ဘယ် Character ကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်ပြီလဲ။
အဲဒါကျတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေးပဲ ထင်တယ်။ အသစ်တစ်ယောက်အနေနဲ့ အတွေ့အကြုံကလည်း သိပ်မရှိသေးတော့ ပေါ့ပေါ့ပါးပါးလေးဆို အဆင်ပြေတယ်။ အပြင်စရိုက်ကလည်း စကားပြောရင် မြန်မြန်နဲ့သွက်သွက်ဆိုတော့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးတွေက အဆင်ပြေတယ်။ ညီမပြောနေကျအတိုင်းပဲ ပြောသွားလိုက်တယ်။

သရုပ်ဆောင်သက်တမ်းရင့်လာလို့ အရင်ကတည်းက အရိုက်ချင်ဆုံး Character ဆို ဘာဖြစ်မလဲ။
အရိုက်ချင်ဆုံးကတော့ အမျိုးမျိုးရှိတယ်။ Drama ဇာတ်ကားတွေလည်း ကြိုက်တယ်။ ပြီးတော့ ကိုယ်က မာနကြီးတဲ့လူတစ်ယောက် ပုံမျိုးရိုက်ချင်တယ်။ ညီမမျက်နှာကြောင့် တော်တော်များများက မာနကြီးတယ်လို့ ထင်ကြတယ်။ အဲဒီလိုဆိုတော့ ညီမနဲ့အဲဒီဇာတ် လိုက်မယ်လို့ထင်တယ်။

နိုင်ငံခြား ရုပ်ရှင်ထဲမှာ ကိုယ်အရမ်းသရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်မျိုးကောရှိလား။

''Pretty Women''ဆိုတဲ့ ရုပ်ရှင်ကားလေးပေါ့။ အဲဒီကားက တော်တော်တော့ကြာပြီ။ ကောင်လေးက လုံးဝ အဆင့်အတန်းရှိရှိ သူဌေး၊ ကောင်မလေးက ချမ်းချမ်းသာသာမနေဖူးဘူး။ အဆင့်အတန်းရှိရှိမနေဖူးတော့ လူရှေ့သူရှေ့တွေ ဥပမာ- Hotel တစ်ခုခုမှာ ထမင်းစားတယ်ဆိုလည်း တကယ့် သူဌေးတွေ စားတဲ့နေရာမှာ စားရင် ခက်ရင်းနဲ့ဇွန်းတောင် ဘယ်လိုကိုင်ရမှန်းမသိဘူး။ သူကဒီလိုမနေဖူးတဲ့အခါကျတော့ လမ်းဘေးက ဂျစ်ပစီပုံစံမျိုး ကောင်းကောင်းမွန်မွန်မနေတတ် မထိုင်တတ်နဲ့။ ကောင်လေးက ဖြည်းဖြည်းချင်း သင်ပေးတာ။ နောက်ပိုင်းနေတတ်သွားတယ်။ အဲဒီလို character မျိုးလည်း ကြိုက်တယ်။ အဲဒီကားကို ကြည့်ရင် တော်တော်သဘောကျတယ်။ ကောင်မလေးသရုပ်ဆောင်တာ လွတ်လွတ်လပ်လပ်နဲ့ သူဌေးတွေကြားထဲ မနေတတ်တဲ့ ပုံစံမျိုးလေး။ အဲဒါလေးကို ကြိုက်တယ်။ အဲဒီလို Character လေးက ရှားတယ်လို့ ထင်တယ်။


ကိုယ်ကနိုင်ငံခြားရုပ်ရှင်ကားတစ်ခုကို Choice လုပ်ပေးရမယ်ဆိုရင် ဘယ်ကားကိုရွေးပေးချင်လဲ။

ရွေးချင်တာကတော့ အများကြီးပဲ။ ကောင်းတဲ့ကားတွေက အများကြီး။ နှစ်ခါပြန် သုံးခါပြန်တော့ မကြည့်ဖြစ်ဘူး။


ဟိုတလောက Pee Mak ကားရုံတင်တော့ ဆံပင်အလယ်ခွဲလေး လိုက်လုပ်သေးတယ်လေ။ လူတွေက Pee Mak မင်းသမီးနဲ့တူတယ်ပြောတော့ ဘယ်လိုခံစားရလဲ။

အဲဒီတုန်းက Pee Mak ကားကို သွားမကြည့်ခင်ကတည်းက အဲဒီ Poster လေးကိုတွေ့တော့ အဲဒီ ဆံပင်လိုက်လုပ်တာ ကွက်တိဖြစ်သွားတယ်။ ဆံပင်အမည်းဆိုးတဲ့ အချိန်နဲ့ ကွက်တိဖြစ်သွားအောင် ဆံပင် အလယ်ခွဲကို ဓာတ်ပုံရိုက်ပြီး တင်လိုက်တယ်။ အဲဒီဓာတ်ပုံရိုက်ပြီးမှ ရုပ်ရှင်ကြည့်ဖြစ်တာ။ ဆံပင်မည်းသွားတာနဲ့ ခပ်ဆင်ဆင်ဖြစ်သွားတာ။


အဲဒီလို ခပ်ဆင်ဆင်လေးဖြစ်သွားတော့ စိတ်ထဲမှာဘယ်လိုခံစားရလဲ။

သူ့ကို မကြိုက်ဘူးလို့တော့ မဖြစ်ပါဘူး။ Davika ကလည်း ချောပါတယ်။ ကိုယ့်ကိုလူတွေက Copy လုပ်တယ်လို့ထင်မှာကို ကြောက်တာ။ အခုဆို အဲဒီလိုတောင်မထားရဲတော့ဘူး။ အဲဒီတုန်းကလည်း ခဏ တဖြုတ်ပါ။ Pee Mark ကားနာမည်ကြီးနေတော့ Pee Mark လိုမျိုး ဆံပင်ကိုအနောက်ထဲထည့်ပြီးတော့ ကိုယ်ဘာ သာကိုယ် Selfie ရိုက်ပြီးတော့ တင်လိုက်တာ။ Pee Mak ဆိုပြီးတော့။ အဲဒီမှာ တူတယ်ဆိုပြီး ဖြစ်သွားတာ။

လူတိုင်းမှာ Crazy ဖြစ်တာတွေရှိတယ်။ ပက်ထရစ်ရှာကရော ဘယ်အရာကို Crazy ဖြစ်လဲ။
Accessories လေးတွေစုတာကြိုက်တယ်။ ၀ါသနာပါတာဆိုတော့ တချို့တွေက Car Crazy။ ညီမက အဲဒီလိုမဟုတ်ဘူး။ အိမ်ကြိုက်တာ။ အိမ်လှလှလေးတွေတွေ့ရင် အရမ်းနေချင်တယ်။ ငယ်ငယ်လေးကတည်း က အခုချိန်ထိပေါ့။


နောက်ပိုင်း ပက်ထရစ်ရှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေဆက်လုပ်ဖြစ်မလဲ။

ကြော်ငြာလေးတွေကတော့ ပြောထားတာရှိတယ်။ Calendar တို့၊ Magazine ကြော်ငြာတို့ ရိုက်ဖြစ် မယ်။ ပြီးတော့ MTV ရိုက်ဖို့ နာမည်ကြီးအဆိုတော်တွေထဲက ပြောထားတာတွေရှိတယ်။ ညီမ ခရီးသွား စရာရှိလို့ MTV တွေ နောက်ဆုတ်ထားတာ။

အနာဂတ်အတွက် ကြိုတင်မျှော်မှန်းစိတ်ကူးယဉ်ထားတဲ့ ဘ၀ရည်မှန်းချက်လေးတွေ ရှိပါလား။
ဟုတ်ကဲ့၊ ရှိပါတယ်။ အဲဒါက ညီမမျှော်လင့်ထားတဲ့ ပန်းတိုင်ပေါ့။ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တာပါ။

သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်ဘ၀နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ဘ၀မှာ ဘယ်လိုကွာခြားမှုတွေ ရှိပါလဲ။
အဲဒါကတော့ ကိုယ်ကအရင်တုန်းကထက် လူသိများလာတဲ့အခါကျတော့ ပရိသတ်က ချစ်လာတာရှိ တယ်၊ အဲဒါမျိုးကတော့ ၀မ်းသာစရာပေါ့။ လူသိများလာတာဖြစ်တဲ့အလျောက် ကောလာဟလတွေ၊ အတိုက် အခိုက်အတားဆီးတွေ အများကြီးကြုံလာရတာပေါ့။ အဲဒါတွေကတော့ ဆိုးကျိုးပေါ့။


ကိုယ်မဟုတ်ဘဲနဲ့ ကောလာဟလတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ ညီမအနေနဲ့ ဘယ်လိုခံစားရပါလဲ။
ဘယ်လိုပြောရမလဲ၊ ညီမကလည်း အရမ်းဒေါသကြီးတဲ့သူဆိုတော့ အပိုတွေလည်း မပြောတတ်ဘူး။ စိတ်ရှိရင်ရှိတဲ့အတိုင်း ဖြစ်ပစ်လိုက်ချင်တာ။ အဲဒါမျိုးဆိုရင် အရမ်းစိတ်တိုတဲ့သူ၊ ကိုယ့်ကို တမင်စွပ်စွဲတာတို့၊ ကိုယ့်အကြောင်းကို မသိဘဲနဲ့ နာမည်ဖျက်ချင်တဲ့ ပုံစံမျိုးတွေကြုံလာရင်တော့ အရမ်းစိတ်ဆိုးမိတာမျိုးပေါ့။ တစ်ခါတလေကျရင်လည်း ကိုယ့်ဘက်က စကားနဲ့ဖြစ်ဖြစ် ပြန်တုံ့ပြန်မိတယ်။ အဲဒီလိုဆိုတော့ အခုနောက်ပိုင်း ပိုပိုပြီးတော့ ထိန်းတယ်ပေါ့နော်။



ဒီလောကမှာ ညီမအက် စံနမူနာပြထားစရာဆိုရင် ဘယ်သူဖြစ်မလဲ။


ဒါကတော့ လူတစ်ဦးကို အကြိုက်တစ်မျိုးစီပေါ့။ တစ်ဦးချင်းစီမှာ သူ့ရဲ့ကောင်းတဲ့ အချက်လေးတွေ အတုယူရတာပေါ့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment